၈ ပြည်နယ်မူလက်မခံဟု ကြံ့ခိုင်ရေးပါတီက ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေး (ရုပ်သံ)
DVB
·
September 1, 2016
၈ ပြည်နယ်မူဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တဲ့အကြာင်းနဲ့ ဖက်ဒရယ် စနစ် ကျင့်သုံးရာမှာ ပထ၀ီအနေအထားကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို နေပြည်တော်မှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေရာမှာ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပါတီရဲ့ သဘောထားရပ်တည်ချက်တွေကို တင်ပြဆွေးနွေးရာမှာ ထည့်သွင်းပြော သွားတာပါ။
“ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကိုဖော်ဆောင်တဲ့နေရာမှာ လူမျိုးစွဲ၊ ၀ါဒစွဲ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ လူမျိုးကြီးဝါဒတို့ကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စု ပြိုကွဲရေးကို ဦးတည်စေနိုင်တဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးမဖြစ်ဖို့လိုပါတယ်။ ယခင် သမိုင်းကြောင်းအရ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရတဲ့ ၈ ပြည်နယ်မူ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေး စေနိုင်တဲ့ ၀ိဝါဒကွဲပြားစေနိုင်တဲ့ အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်ဆိုတဲ့ အယူအဆ တွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တဲ့အတွက် သတိပြု ဆင်ခြင်သုံးသပ် သင့်ကြောင်း။”
ဒီကနေ့မှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့နဲ့ အန်အယ်ဒီ၊ ကြံ့ခိုင်ရေးနဲ့ ရခိုင်အမျိုးသားပါတီအပါအ၀င် နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ် တွေက စာတမ်းတွေ တင်ပြဖတ်ကြားဖို့ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆွေးနွေး ပြောကြားသွားပါတယ်။