မန္တလေးမြို့တွင် လိုင်စင်မဲ့ကား ၃၆ စီး စံချိန်တင် ဖမ်းဆီးရမိ
DVB
·
June 21, 2016
မန္တလေးမြို့မှာ လိုင်စင်မဲ့မော်တော်ကား ၃၆ စီးကို ဇွန်လ ၂၀ ရက်နေ့က စံချိန်တင် ဖမ်းဆီးရမိခဲ့ပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်မြေရွှေဘုံ ကျောင်းတိုက်ထဲက သာသနာ့ဗိမာန် ကျောင်းဝင်းထဲမှာ လိုင်စင်မဲ့ကား ၂၇ စီးနဲ့ ရန်ကုန်-မန္တလေးကားလမ်းနံဘေးက သာသနရံသီအတုလကာရီ ကျောင်းထဲက ကားဘော်ဒီ ပြုပြင်ရေးဆိုင်က ၉ စီး စုစုပေါင်း လိုင်စင်မဲ့ကား ၃၆ စီးကို မန္တလေးခရိုင်ရဲတပ်ဖွဲမှူး ဦးစိန်ထွန်းနဲ့အဖွဲ့က ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
“တာဝန်သိ ပြည်သူတဦးကနေ သတင်းပေးတယ်။ ဒီနေရာမှာတော့ ၀စ်သောက် (without) ယာဉ်တွေ ရှိနေတယ်လို့ အောင်မြေသာစံ ဒု-မြို့နယ်မှူးကို သတင်းပေးချက်အရ ကျနော်တို့က သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့၊ ဘုန်းကြီးကျောင်းဝင်းဖြစ်တဲ့ အတွက်ကြောင့် သာသနာရေးတို့၊ ယာဉ်ထိန်းတို့၊ လ၀ကတို့ အကုန်လုံးကိုခေါ်ပြီးတော့ အဖွဲ့အစည်းပေါင်းစုံနဲ့ မနက် ၈ နာရီမှာ ချမ်းမြသာစည်မြို့နယ် အောင်မြေရွှေဘုံကျောင်းကို ၀င်ရောက်ပြီးတော့ ရှာတဲ့အခါမှာ လိုင်စင်မဲ့ယာဉ် ၂၇ စီး တွေ့ပြီးတော့၊ သူတို့ကို ခေါ်ပြီး ထပ်မံပြီးတော့ မေးမြန်းစုံစမ်းတဲ့အခါမှာ ကျန် ၉ စီးကလည်း ကျနော်တို့ ချမ်းမြသာစည်မြို့နယ်မှာပဲ သာသနရံသီအတုလကာရီ ဘုန်းကြီးကျောင်းထဲဝင်းထဲမှာ ထားထားတယ်ဆိုပြီးတော့ ထပ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်သွားတဲ့အခါမှာ ဒီ ၉ စီးကို ထပ်ပြီးတော့ သိမ်းဆည်းနိုင်ခဲ့တယ်” လို့ မန္တလေးခရိုင်ရဲတပ်ဖွဲမှူး ဦးစိန်ထွန်းက ပြောပါတယ်။
အခုလို လိုင်စင်မဲ့ကားတွေကို တစုတစည်းတည်း ဖမ်းဆီးရမိတာဟာ မန္တလေးမြို့မှာ ပထမဆုံးအကြိမ် အများဆုံး ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရတဲ့ ကိုနိုင် (ခ) အောင်နိုင်ဦးနဲ့ ရဲမင်းထက်တို့နှစ်ဦးကို မန္တလေးမြို့ အမှတ် ၁၁ မြို့မရဲစခန်းက အမှုအမှတ် ၂၉၁/၂၀၁၆ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
အခုဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး ဆက်စပ်တရားခံတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ပြောပါတယ်။
သတင်း - ငြိမ်းမိုးနောင်