ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မှန်လုံယာဉ် တိမ်းမှောက်၊ ၁၃ ဦး ဒဏ်ရာရ
DVB
·
June 17, 2016
ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် ၁၅/၇နှင့်၁၆/၀ အကြားမှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ အဝေးပြေးမှန်လုံယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားလို့ လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အောင်ရတနာကားအသင်းမှ မှန်လုံယာဉ်ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ မနက် ၃ နာရီလောက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၂၅ ဦးအနက် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ ဒဏ်ရာအများပြားရရှိခဲ့ပြီး လှည်းကူးဆေးရုံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်း ကိုမျိုးသန့်ကို အမှတ် ၃ အမြန်လမ်းမကြီးရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး