Homeမေးမြန်းခန်း
သေကာမှသေဆိုတဲ့စိတ်မျိုးလည်း ရှိချင်ရှိမှာပေါ့နော် - ဦးမော်မော် (ကယားပြည်နယ်ဝန်ကြီး)
သေကာမှသေဆိုတဲ့စိတ်မျိုးလည်း ရှိချင်ရှိမှာပေါ့နော် - ဦးမော်မော် (ကယားပြည်နယ်ဝန်ကြီး)
အေးနိုင်
·
June 9, 2016
ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင်းက သတ္တုထုတ်လုပ်မှုဧရိယာ (2-Level) အတွင်းရှိ ဧရိယာတချို့ဟာ မိုးရွာသွန်းမှုများပြားရင် မြေကျွံခြင်း၊ မြေပြိုခြင်းတွေ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက စစ်ဆေးတွေ့ရှိတာကြောင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကယားပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (မော်ချီး) က မော်ချီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ဇွန်လ ၇ ရက်နေ့က တင်ပြခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီဒေသတွေကိုလည်း စာထုတ် အကြောင်းကြားပြီးဖြစ်သလို အဲဒီဒေသကလူတွေကို အန္တရာယ်ကင်းဝေးနိုင်ရေးအတွက် လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်နိုင်ရန် အကြောင်းကြားခြင်းဖြစ်တယ်လို့ စာမှာ ဖော်ပြပါတယ်။
ကုမ္ပဏီက မြေကျွံ၊ မြေပြိုဖြစ်နိုင်တယ်လို့ သတ်မှတ်တင်ပြတဲ့ ဧရိယာတွေကတော့ 2-Level နှင့် ယူကော်ခိုလမ်းကြား ယခင်ပြိုကျသည့် မြေနေရာများ၊ 2-Lever air compresor စက်ရုံနှင့်အနီး၊ 2-Level Transformer နှင့် စတီးကျိုစင်လမ်းတလျှောက်၊ ယူကော်ခိုရပ်ကွက်နှင့် 2-Level အကြား လူနေအိမ်၊ တဲ၊ ဆိုင် Vein 9/4 ရူးပေါက်ကျွံကျသောနေရာ ပေ ၁၅၀ ပတ်လည်လူနေအိမ်များ၊ နီးခီးကျောက်တောင်၊ KB-1 အထက်၊ ကမ္ဘာယံကျောက်တောင်၊ ရုရှားကုန်း-အရှေ့ဘက်နှင့် အနောက်ဘက်တွေ ဖြစ်ကြပါတယ်။
အဲဒီဒေသမှာ မနှစ်က မြေပြိုမှု ဖြစ်ပွားခဲ့လို့ လူ ၃၀ ခန့် သေဆုံးခဲ့ပါတယ်။
အဲဒီနေရာ လုပ်ကွက်တွေမှာ ခဲတူးဖော်ရေး လုပ်နေကြသူတွေ လူရာပေါင်းများစွာဟာလည်း ဒီအန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းကို ယခင်အစိုးရ လက်ထက်ကတည်းက သိပြီးဖြစ်ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ဆက်လက်နေထိုင် လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ ဒီဗွီဘီက ဒေသခံတွေကို မေးမြန်းချက်အရ အဲဒီနေရာမှာ အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် နေထိုင်ကြတယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ ကယားပြည်နယ်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး ဦးမော်မော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။
မေး - မော်ချီးဒေသက ဘေးအန္တရာယ်ရှိတဲ့ နေရာတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ ဘာသတင်းတွေရရှိပြီး ဘာတွေ ဆောင်ရွက်နေပါသလဲခင်ဗျ။
ဖြေ - ပြည်နယ်အစိုးရအနေနဲ့က အဲဒီကို ကျနော်က ၂ ခေါက်ဗျ၊ ၀န်ကြီးချုပ်က ၁ ခေါက်၊ ကျနော်တို့ သွားပြီးတဲ့အခါမှာ အဲဒီ ဒေါက်တာမြင့်စိုးပေါ့ဗျာ၊ ဘူမိဗေဒ လေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနက ဒေါက်တာမြင့်စိုးဆိုတာ ညွှန်ကြားရေးမှူးဗျာ၊ သူ့ရဲ့အစီရင်ခံစာက ကျနော်တို့ဆီကို တင်လို့၊ အရင်အစိုးရကို တင်ထားတာလေး ရှိတယ်လေ၊ အရင်အစိုးရလက်ထက်ပေါ့။ အဲဒါလေးကို ကျနော်တို့က ပြန်ပြီးတော့ လေ့လာတဲ့အခါကျတော့ ၆ နေရာက တကယ်ပြိုကျနိုင်တယ်ဆိုတယ်၊ တောင်ပေါ်မှာလေ။ အဲဒါလေးတွေကို ပြောပြထားတယ်။ ပြောပြထားတဲ့အတွက်ကြောင့် ကျနော်တို့ကလည်း အဲဒါကို ပညာရှင်က ပြောထားတဲ့အခါကျတော့ ကျနော်တို့က ပြန်ပြီး Confirm (အတည်ပြုချက်) လုပ်ရတာပေါ့ဗျာ။ ဒေါက်တာမြင့်စိုးနောက်မှာ တခါ ဒေါက်တာ ဦးထွန်းဝင်းဆိုတဲ့ ညွှန်ကြားရေးမှူးကလည်း ၂၀၁၅ ဒီဇင်ဘာမှာ ထပ်ပြောတယ်ဗျ။ ဒေါက်တာမြင့်စိုးက ၂၀၁၅ နိုဝင်ဘာမှာ ရီပို့တ်လုပ်တယ်ဗျာ အရင်အစိုးရကို။ အဲဒီလိုပဲ ဦးထွန်းဝင်းဆိုတဲ့ ညွှန်ကြားရေးမှူးကလည်း မိုင်းနဲ့ပတ်သက်ပြီးတော့ ကွင်းဆင်းစစ်ဆေးခြင်း အစီရင်ခံစာဆိုပြီးတော့ ထပ်ပြီးတော့ ထွက်တယ်ဗျ။ အဲဒါနဲ့ ကျနော်တို့တွေ ကိုယ်တိုင်သွားကြည့်တဲ့ အခါကျတော့လည်း တကယ် တချို့နေရာတွေက တကယ်ကို အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားတွေကိုလည်း လက်တွေ့ တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့ လူတွေကို ဘာလုပ်ပေးထားလဲလို့ ကျနော့်ကို မေးလို့ရှိရင်တော့ မိဘနဲ့ သားသမီးလိုပေါ့ဗျာ။ သားသမီးတွေက စိတ်ကောက်တဲ့လူလည်းရှိမယ်၊ စိတ်မကောက်တဲ့လူလည်းရှိမယ်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ သူတို့အပေါ်မှာနေနေတယ်၊ ထိုင်နေတယ်။ အကယ်လို့များ နောက်တကြိမ် အန္တရာယ်နဲ့ ကြုံတွေ့လာခဲ့မယ်ဆိုရင်၊ ကြုံတွေ့နိုင်မယ့် အခြေအနေမျိုးကို ကြိုပြီးသိခဲ့တယ်ဆိုရင်လည်း အောက်မှာနေဖို့အတွက် ကျနော်တို့ နေရာထိုင်ခင်းတွေ ပြန်ပြီးတော့ စီစဉ်နေပါတယ်။ အဲဒီနေရာကို ကျနော်တို့ လယ်ကွာခိုလို့ ခေါ်ပါတယ်။ အနာဂတ်အလင်းတန်း၊ တဘက်ကတော့ ကမ္ဘောဇက လှူထားတဲ့ နေရာလေးရှိတယ် အနာဂတ်အလင်းတန်း။ တဘက်က ချောင်းကိုတော့ လယ်ကွာခိုလို့ နာမည်ပေးပြီး အဲဒီမှာ ကျနော်တို့ မြေယာတွေ ဖော်ထုတ်နေပါတယ်။ မြေယာတွေ ဖော်ထုတ်တယ်ဆိုတဲ့သဘောက သူတို့ ဆင်းလာတာတွေ၊ မဆင်းလာတာတွေ၊ သူတို့လာခဲ့လို့ရှိရင် ကျနော်တို့ဘက်ကလည်း မြေကွက်တွေ အဆင်သင့်ပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒါကတော့ ကျနော် short to the point ကျနော်ဖြေလိုက်တာပါပဲဗျာ။
မေး - ကျနော်တို့ကြားသိနေတာက တောင်ပေါ်နေသူဟာ အန္တရာယ်ရှိမှန်း သိလျက်သားနဲ့ စီးပွားရေးအခြေအနေကြောင့် ဆင်းမလာနိုင်ကြဘူး။ ကိုယ်တိုင် ကွင်းဆင်းလေ့လာ မေးမြန်းတဲ့အခါ ဘာဖြစ်လို့ သူတို့အသက်အန္တရာယ်အတွက် မကြောက်မရွံ့နိုင်ဘဲ ဆက်နေနေကြတာလဲ။
ဖြေ - မကြောက်မရွံ့နဲ့ ဘာလို့ဆက်နေကြတာလဲ ဆိုတဲ့အခါကျတော့ ဖြစ်ပုံက ဒီလိုဗျာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း လေးငါးစုလောက်ကတည်းက ဒီနေရာတွေဟာ ကျနော်တို့ Insurgent Area ဗျာ၊ လုံးဝ Black Area (အမည်းရောင်နယ်မြေ) တွေဗျာ။ Black Area ဆိုတဲ့အခါကျတော့ ခဲလုပ်တဲ့ပြုတဲ့သူတွေက အနီးကပ်ဆုံး အုပ်ချုပ်မှုရှိတဲ့နေရာလေးမှာ ကုပ်ကပ်နေပြီးတော့မှ အဲဒီကမှ သူတို့က ခဲလုပ်တာကိုး။ အဲဒီလို လုပ်ရင်းလုပ်ရင်းနဲ့ အဲဒီမှာ လူက များများလာတယ်။ အနေလည်းကြာလာတဲ့အခါကျတော့ အဲဒီအပေါ်ကနေပြီးတော့မှ ရုတ်တရက် သွားဖို့ပြုဖို့တွေမှာ သူတို့မှာလည်း အခက်အခဲရှိမှာပေါ့။ အဲဒီတော့ အဲဒါကြောင့်လည်းပဲ အလုပ်လုပ်ကွက်နဲ့ နီးတဲ့နေရာလေးမှာ နေပြီးတော့ သေကာမှသေဆိုတဲ့ စိတ်မျိုးလည်း ရှိချင်ရှိမှာပေါ့နော်။ လောလောဆယ်တော့ ဒီနေရာလေးမှာပဲ ခင်တွယ် မှီတွယ်နေတဲ့ သဘောလေးရှိပါတယ်။ ကျနော်တို့ကလည်း ဥပဒေအရတော့ သူတို့ကို ပြောပြထားတာပေါ့။ ဥပဒေအရ ပြောပြထားပြီးတော့ ဖြစ်ရင်လည်း ဥပဒေအရပဲ စီရင်သွားလို့တော့၊ အဲဒီလိုကြီးလည်း ကျနော်တို့တွေက ကိုယ့်တိုင်းရင်းသားပြည်သူတွေလေ၊ အဲဒီလိုလုပ်လို့ မဖြစ်ဘူးလေ။ အဲဒီတော့ အစိုးရဘက်ကလည်း ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေတော့ ကြိုတင်ပြီးတော့ စီစဉ်ထားနေတာပါပဲ။ အခုဆိုလို့ရှိရင် ကျနော်တို့ မြေယာအကြမ်းပေါ့ဗျာ ကျနော်တို့ ဖော်ထုတ်နေတာ ကျနော်တို့ အကွက် ၂၀၀ ကျော်မှာ ၇၉ ရာခိုင်နှုန်းလောက် ကျနော်တို့ အကြမ်းဖော်ပြီးသွားပြီဗျ။ နောက်တပတ်လောက်ဆိုရင် တော်တော်လေးကို ပေါ်ပေါ်ထင်ထင်လေး သူတို့အတွက် ဖြစ်လာမှာပါ။
မေး - ဇွန်လ ၇ ရက်နေ့ကတော့ မိုးသိပ်ကောင်းရင် အန္တရာယ်ရှိကြောင်း ကုမ္ပဏီက အုပ်ချုပ်ရေးမှူးထံ တင်ပြလာတယ်ပေါ့လေ။
ဖြေ - Geologist ဘူမိဗေဒပညာရှင် အစီရင်ခံစာနဲ့ ဥပဒေပညာရှင်တွေကနေပြီးတော့ ဒီလိုနေရင်တော့ ဒုက္ခရောက်တော့မယ်ပေါ့နော်။ သူကလည်း အခု မိုးသိပ်ကောင်းလို့ရှိရင် မြေနည်းနည်း အိအိနေတာလေးတွေလည်း ကြားရတယ်။ အဲဒီတော့ ဖြစ်လာမှ၊ ဖြစ်လာတဲ့အခါကျမှ ကျနော်တို့ဘက်ကလည်း အစိုးရဖြစ်ပြီးတော့ မိဘနေရာက နေတာလေ။ အဲဒီအခါကျတော့ ဖြစ်လာတဲ့အခါမှာလည်း ကျနော်တို့ ဘယ်လို ဟုတ်လား အကူအညီပေးရမလဲ ဆိုတာကိုလည်း ကြိုတင်စဉ်းစားပြီးတော့ ကျနော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကလည်း ပြောစရာရှိတာ ပြောပြီးပြီဆိုတဲ့သဘော အနေနဲ့ တာဝန်လည်းကျေအောင် ထပ်ပြီးတော့ Reminding လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ အရင်တုန်းကလည်း မနှစ်တုန်းကလည်း ဘူမိဗေဒ အစီရင်ခံစာတွေကလည်း အဲလိုပဲ တချိန်မှာတော့ မိုးတအားကြီးလို့ရှိရင်တော့ ဖြစ်မှာပဲလို့ ပြောထားပြီးသားလေ။ အဲဒီအခါကျတော့ သူတို့ဘက်က ဒါ ဒုက္ခမရောက်အောင်လို့ ထပ်မံ သတိပေးတာလည်း ဖြစ်နိုင်ပါတယ်။
မေး - အန္တရာယ်ရှိတဲ့ဇုန်မှန်း သိလျက်နဲ့ မိဘသဖွယ်ဖြစ်တဲ့အစိုးရမှာ ဒီလူတွေ မပြောင်းရွှေ့ရင်၊ မနှစ်ကလိုများ လူတွေ အသေအပျောက်ထပ်ဖြစ်ရင်၊ အစိုးရအပေါ် အပြစ်တင် လက်ညှိုးထိုးမှာတွေ ကြုံရနိုင်တယ်ပေါ့နော်။ ဆိုတော့ ၀န်ကြီးအနေနဲ့ ဘာပြောချင်လဲ။
ဖြေ - ကျနော်တို့ကလည်းပဲ ဒီနေရာတွေကတော့ ပညာရှင်တွေက မနေသင့်ပါဘူးလို့ ပြောထားတာကို။ ပညာရှင်တွေက မနေသင့်ပါဘူးလို့ပြောတယ်။ မိုင်းတာဝန်ခံတွေကလည်း မနေသင့်ပါဘူးလို့ ပြောတယ်။ အဲဒီမှာလည်း ကုမ္ပဏီနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ သတ္တုတွင်းက ညွှန်မှူးတွေလည်း ရှိတယ်လေ။ အဲဒီတော့ သူတို့ကိုယ်နှိုက်ကလည်း ဟုတ်တယ်၊ မနေသင့်ပါဘူးလို့ ပြောထားတဲ့ဟာကို ကျနော်တို့ အစိုးရအနေနဲ့ နေသင့်ပါတယ်လို့တော့ ဘယ်ပြောပါ့မလဲဗျာ။ ကျနော်တို့ကလည်း ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအရတော့ ကျနော်တို့က ပြောထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ အရင်အစိုးရကလည်းပဲ အဲဒီ တကယ့်ကို ဒုက္ခရောက်နိုင်တဲ့နေရာက ကျောင်းတွေကို လုံးဝကို ရွှေ့ပြောင်းပစ်လိုက်တဲ့ အဆင့်အထိပဲ လုပ်ထားတာတွေ ရှိတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့ကလည်းပဲ မနေရင်တော့ ကောင်းပါတယ်။ ဒါကြောင့်လည်းပဲ အချိန်နဲ့တပြေးညီပေါ့ဗျာ၊ တကယ်လို့ မနေဘူး၊ ဆင်းလာမယ်ဆိုရင်လည်း မြေကွက်တော့ အဆင်သင့်တော့ လုပ်ထားမယ်ဆိုတဲ့သဘောနဲ့ ကျနော်တို့ လုပ်ထားတာပါ။