နောင်ရွေးကောက်ပွဲများတွင် မဲစာရင်းမှန်အောင်ဆောင်ရွက်နေ
DVB
·
May 30, 2016
အနာဂတ်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ မဲစာရင်းတွေတိကျမှန်ကန်မှုရှိအောင် အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်း ကောက်ယူပြီး ပိုမိုပြည့်စုံတိကျ မှန်ကန်အောင်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကနေ့ မေ ၃၀ ရက်မနက်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကျောက်တံတား အမတ် ဦးနေမျိုးထက် က နောင်လာမယ့်ရွေးကောက်ပွဲကာလမှာ မဲစာရင်းမှန်ကန်နိုင်စေဖို့ ဆောင်ရွက်ထားတာနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်ကလာရောက် ဖြေကြားသွားတာပါ။
နောင်ရွေးကောက်ပွဲတွေမှာ မဲစာရင်း မှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြုစုခဲ့တဲ့ မဲဆန္ဒရှင်စာရင်းအား အခြေခံ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းဖြင့် ပိုမိုပြည့်စုံတိကျ မှန်ကန်စေရေး ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ဦးလှတင့်က ပြောသွားပါတယ်။
ဒါ့အပြင် မဲစာရင်းမှန်ကန်ဖို့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မဲဆန္ဒရှင်ပြည်သူတွေ၊ ၊နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မဲဆန္ဒရှင်တွေ ပူးပေါင်းပါဝင်နိုင်ဖို့လည်း ရေဒီယို ရုပ်မြင်သံကြား၊ ဗီနိုင်းပိုစတာနဲ့ လက်ကမ်းစာစောင်တွေနဲ့ လှုံ့ဆော် စည်းရုံး လုပ်ဆောင်သွားမယ်လို့လည်း ရွေးကောက်ပွဲအရာရှိက လွှတ်တော်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်တွေရဲ့ အမည်တွေ မဲစာရင်းမှာပါမလာတာ၊ နာမည်မှား၊ သတ်ပုံမှားတာ၊ သေဆုံးသူအမည်တွေပါလာတာ၊ နိုင်ငံသားစိစစ်ရေးကတ်တွေမှာ နံပါတ်မတူတာ၊ မှတ်ပုံတင် နံပါတ်တခုထဲ လူ ၁ထောင်ကျော် လောက်တူနေတာစတဲ့ အမှားအယွင်းတွေ နိုင်ငံအနှံ့ ကြုံတွေ့ခဲ့ကြရတာပါ။