ဒီမိုကရေစီအခွင့်အရေးတွင် သင်္ကြန်သံချပ်လည်း ပါဝင်ဟု ၈၈ မျိုးဆက် ပြော
DVB
·
April 1, 2016
မြန်မာ့ယဉ်ကျေးမှုကနေ ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေထဲမှာ စာပေဟောပြောပွဲ အပါအဝင် သင်္ကြန်သံချပ်တွေလည်း ပါဝင်တယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို အားဖြည့်ပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောပါတယ်။
“သံချပ်ကတော့ အင်မတန်မှ အပြုသဘောဆောင်တဲ့၊ ပြုပြင်ပြောင်းလဲမှုအတွက် အင်မတန်မှ အပြုသဘောဆောင်တဲ့၊ ဒီမိုကရေစီ အခွင့်အရေးကို အသုံးပြုထားတယ်လို့ ကျနော်တို့ ပြောနိုင်တယ်။ အဲ့တော့ ဘယ်ခေတ်မှာမဆို ခေတ်ရဲ့ ကမောက်ကမ ဖြစ်စဉ်တွေ၊ ရှေ့မှာ ဖြစ်စေချင်တဲ့အရာတွေ၊ ပြည်သူလူထုရဲ့ ဆန္ဒတွေကို ကျနော်တို့ သံချပ်တွေ ရေးပြီးတော့မှ၊ သံချပ်တွေ ထိုးပြီးတော့မှ ပုံဖော်ကြတာပေါ့။ ဒီသံချပ်ဟာ ကျနော်တို့ ရိုးရာယဉ်ကျေးမှုက ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေး ဖြစ်တဲ့အတွက် ကျနော်တို့ဟာ ထိန်းကို ထိန်းသိမ်းရမယ်။”
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး သံချပ်စာသားတွေဟာ တိုင်းပြုပြည်ပြု စိတ်ဓာတ်နဲ့ ရေးစပ်ထားခဲ့တာကြောင့် စိစစ်ရေးဌာနကို တင်ဖို့မလိုဘူးလို့လည်း သူက ဆက်ပြောပါတယ်။
“ယဉ်ကျေးမှုက ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေး နှစ်ခုရှိတယ်။ ပထမ ဒီမိုကရေစီ အခွင့်အရေးရတာ သံချပ်ပေါ့။ ဒုတိယကတော့ စာပေဟောပြောပွဲပဲ။ ဒီနှစ်ခုဟာ ကျနော်တို့ ရိုးရာယဉ်ကျေးမှုက ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေးပဲ။ အဲ့ဒါကို ထိန်းသိမ်းရမယ်။ စောင့်လည်း စောင့်ရှောက်ရမယ်။ ဒီ ဒီမိုကရေစီ အခွင့်အရေးလို့ ပြောလိုက်တာနဲ့ ကျနော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်ဆိုတာ ပါလာတာပဲ။”
လာမယ့်သင်္ကြန်ကာလမှာလည်း အစိုးရဟောင်းအတွက် ရေးထိုးထားတဲ့ သံချပ်တွေပါသလို အစိုးရသစ်အတွက်လည်း ဖော်ဆောင်ပေးရမယ့် စာသားတွေပါတဲ့ သံချပ်တွေ ထည့်ဆိုဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ သံချပ်အဖွဲ့က ၁၅ ဖွဲ့လောက်ပဲ ရှိခဲ့ပေမယ့် ဒီနှစ်သင်္ကြန်မှာတော့ အဖွဲ့ပေါင်း ၂၀ ကျော် ၃၀ လောက်အထိ ရှိလာနိုင်တယ်လို့ သံချပ်အဖွဲ့တွေကပြောပါတယ်။