ပတ်ဂျာဆန်အဖွဲ့ ဖျက်ခဲ့သည့်ဒေသတွင် စစ်တပ်က ဘိန်းခင်းဖျက်
DVB
·
March 18, 2016
ကချင်ပြည်နယ်၊ လူမှုအခြေပြု ပတ်ဂျာဆန်အဖွဲ့ ဘိန်းခင်းဖျက်ခဲ့တဲ့ နေရာတွေမှာ စစ်တပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ရဲနဲ့ ဒေသခံ ဘိန်းစိုက်သူတို့ ပေါင်းပြီး ဘိန်းခင်းဖျက်ဆီးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
မတ်လ ၁၃ ရက်ကနေ ၁၅ ရက်ထိ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီ ဒေသတ၀ိုက်ရှိ မော်စီတုံး၊ လချိတ်၊ မဂနဲ့ နော့ဂူကျေးရွာ ပတ်ဝန်းကျင်မှာ ဘိန်းစိုက်ခင်း စုစုပေါင်း ၃၅ ဒသမ ၅ ဧကခန့်ကို ပူးပေါင်းဖျက်ဆီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့လအတွင်း အဲ့ဒီဒေသမှာ ဘိန်းခင်းဖျက်ဖို့သွားတဲ့ ပတ်ဂျာဆန်အဖွဲ့နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လူ ၃၀ လောက် မြစ်ကြီးနားဆေးရုံ ရောက်ခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရက လူ ၄၅ ယောက်ခန့်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်