ငြိမ်းချမ်းရေးညီလာခံ ၃ နှစ်မှ ၅ နှစ်အတွင်း ထပ်လုပ်သင့်ဟု ဆို
DVB
·
January 17, 2016
နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၃ နှစ်ကနေ ၅ နှစ်အတွင်း အောင်မြင်အောင် လုပ်ဆောင်သင့်တယ်လို့ မနေ့ကပြီးဆုံးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံက အဆိုပြု လိုက်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုနဲ့ တနိုင်ငံလုံးအပစ်ရပ် စာချုပ်လက်မှတ်ထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တရပ်ကို ဇန်န၀ါရီ ၁၂ ရက်ကနေ ၁၆ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီညီလာခံကနေ အဆိုပြုချက် ၄ခု ချမှတ်ခဲ့တဲ့ထဲ ဒီအချက်ကို ဦးစားပေး အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သင့်တင့်လျောက်ပတ်သော အချိန်ကာလတွင် ဆောလျင်စွာ ကျင်းပသွားနိုင်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်အရ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာနိုင်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား မှတ်တမ်းတင် ဂုဏ်ပြုရေး စတဲ့ အဆိုပြုချက်တွေလဲ ချမှတ်ခဲ့ပါတယ်။
နိုင်ငံထဲရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ကျော်အနက် ၈ဖွဲ့နဲ့ပဲ အပစ်ရပ် လက်မှတ်ထိုးနိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆိုတာကို ကျင်းပခဲ့တဲ့အပေါ် အစိုးရရဲ့ ဟန်ပြသက်သက် လုပ်ဆောင်မှုလို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။