Home
မေးမြန်းခန်း
လူ့အခွင့်အရေးကော်မရှင်က ပြည်သူ့ရဲ့အသံ နားထောင်ပါ - ဦးအောင်မျိုးမင်း
DVB
·
December 4, 2015
AungMyoMin-Photo EimamaMon
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစားဂုဏ်ပြုတဲ့ ၁၉၄၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဟာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နှစ်ပေါင်း ၆၇ နှစ်တိုင်ခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Our rights, Our Freedoms, Always” (အခွင့်အရေးနဲ့ လွတ်လပ်မှုဆိုတာ ထာဝရအတွက်ပါ) ဖြစ်ပါတယ်။ လူ့အခွင့်အရေးနေ့ကို နိုင်ငံတကာမှာ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ ဆယ်စုနှစ် ၇ ခုနီးပါး ကြာမြင့်ခဲ့ပြီးချိန်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်လို့ Equality Myanmar ညီမျှခြင်း မြန်မာအဖွဲ့ ဒါရိုက်တာ ၀ါရင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တနှစ်တာအတွင်း မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေမှာ ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေ မလုပ်နိုင်ဘူးလဲ။ လုပ်နိုင်ခဲ့တာလေးတွေကနေ စပြီး ပြောပြပါ။ “ပြီးခဲ့တဲ့ ၂၀၁၅ ပေါ့နော် ဒါတွေကို ပြန်လည်သုံးသပ်တဲ့အချိန်မှာ တချို့သော တိုးတက်မှုတွေ ပြောလို့တော့ရပါတယ်။ ဒါကတော့ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ကုလသမဂ္ဂမှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တွေကို အရင်ကထက်ပိုပြီးတော့ လက်မှတ်ထိုးလာတာ ဒါကို ပထမဆုံး ထောက်ပြချင်ပါတယ်။ အရင်တုန်းကတော့ ကျနော်တို့တိုင်းပြည်က အမျိုးသမီးစာချုပ်၊ ကလေးစာချုပ်နဲ့ မသန်စွမ်းစာချုပ်ကိုပဲ လက်မှတ်ထိုးထားသေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာကတော့ ကလေးစာချုပ်နောက်မှာရှိတဲ့ ကလေးများရောင်းချခြင်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်၊ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေရဲ့ အခြေအနေစာချုပ်၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ စာချုပ်တွေကို ပဏာမအနေနဲ့ လက်မှတ်ထိုးတာရှိသလို အိုင်အယ်လ်အိုရဲ့ ကလေးအလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၂ ကို လက်မှတ်ထိုးတာ ပထမဦးဆုံး တိုးတက်ချက်ပါ။" အရင်တုန်းက လူ့အခွင့်အရေးလို့ပြောရင် အစိုးရက ရန်ရှာတဲ့ အခြေအနေကနေ အနည်းဆုံးတော့ အသိအမှတ်ပြုလာတဲ့အဆင့်ပေါ့။ နိုင်ငံတကာမှာ ဒီဟာတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အစိုးရရဲ့ ကွန်မင့်မင့်ပေါ့။ နောက်တခုက ဆုတ်ယုတ်မှုကျတော့ရော တနှစ်တာအတွင်း ဘာတွေ ဖြစ်ခဲ့သလဲ။ “ခုန ကျနော်ပြောသလိုပဲ နိုင်ငံတကာမှာက ဒီတိုးတက်မှုအရ စာချုပ်တွေ လက်မှတ်ထိုးတာရှိပေမယ့် ဒီစာချုပ်တွေရဲ့ အကောင်အထည်ဖော်မှုက ကျနော်တို့တိုင်းပြည် မရောက်သေးဘူးဗျ။ ဘာကြောင့်လဲဆိုတော့ အခုအချိန်ထိ ဒီကလေးတွေနဲ့ ပတ်သက်တဲ့၊ စစ်ပွဲတွေကြောင့် ကလေးတွေ ဒုက္ခရောက်နေတာကို ကျနော်တို့ မတားနိုင်သေးဘူး။ ဒါကြောင့်မို့လို့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ရှိနေတုန်းပဲ။ ဒုက္ခသည်အဖြစ် ကလေးတွေ ဒုက္ခရောက်နေတုန်းပဲ။ ပြီးလို့ရှိရင် စစ်ပွဲတွေကြားထဲမှာ တိုင်းရင်းသားအမျိုးသမီးတွေရဲ့လုံခြုံမှု တိုင်းရင်းသားပြည်သူလူထုရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေက ရှိနေတုန်းပဲ။ နောက်ထပ် တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် တိုင်ကြားထားတဲ့ အမှုတွေတောင်မှ တကယ်တမ်း အကောင်အထည်ဖော်အောင် လေုပ်ဆောင်နိုင်သေးဘူး။ တရားခံကို လွတ်နေတဲ့ အခြေအနေ ရှိနေခြင်းက ဆုတ်ယုတ်မှုလို့ ကျနော်တို့ ပြောနိုင်ပါတယ်။ နောက်ထပ် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ  အရင်တုန်းက လူ့အခွင့်အရေးဆိုတဲ့ စကားလုံးက ဥပဒေထဲမှာ ရှာလို့မတွေ့ဘူး။ ဒါပေမယ့် အခုဆိုလို့ရှိရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့၊ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ဆိုတဲ့ အခွင့်အရေးဆိုတာ ပါလာပေမယ့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးတာခံရတဲ့ ကျောင်းသားတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ အားလုံးပေါင်း ကျနော်တို့ ၄၀၀ ကျော်က အခုထိ အမှုရင်ဆိုင်နေရတုန်းပါပဲခင်ဗျ။” ကိုအောင်မျိုးမင်း စောစောက ပြောသွားတဲ့အထဲမှာ ကလေးပေါ့။ အထူးသဖြင့် ကလေးစစ်သားတွေပေါ့။ မကြာခင်ကလည်း တပ်မတော်ကလည်း ၅၃ ယောက် ပြန်လွှတ်ပေးတယ်။ အဲဒီမတိုင်ခင်ကလည်း အိုင်အယ်လ်အိုနဲ့ ပေါင်းပြီးတော့ ပြန်လွှတ်ပေးနေတယ်။ ဒီဟာတွေနောက်ကွယ်မှာ ဘာတွေထပ်လုပ်ဖို့ လိုနေသေးလဲ။ နောက်တခုက ဗမာပြည်ဟာ ဘာကြောင့်မို့လို့ ဒါတွေလုပ်နေတယ်လို့မြင်လဲ။ ကလေးနဲ့စပြီး ကျနော်တို့ ကလေးစစ်သားကိစ္စပြောမယ်။ အဲသလိုပဲ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေမှာလည်း ကလေးစစ်သားတချို့ ကျန်နေသေးတယ်။ အဲဒီအတွက် ဘာတွေလုပ်သင့်သလဲဆိုတာ ဆွေးနွေးပေးပါ။ “ပထမဦးဆုံး ကလေးစစ်သားမရှိဘူးလို့ ငြင်းဆိုတဲ့နေရာကနေ ကလေးစစ်သားတွေကို ထုတ်ဖော်လာတဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပထမဦးဆုံး စစ်တပ်ထဲမှာရှိတဲ့ကလေးတွေ ပြန်ပြီးတော့ လွတ်လာတဲ့ဟာ ကြိုဆိုဖို့ကောင်းတဲ့အရာပါ။ ဒါပေမယ့် အားနည်းချက် ဘာရှိသလဲဆိုတော့ အခုချိန်ထိ တချို့သောကလေးတွေ၊ အထူးသဖြင့် စစ်တပ်ထဲဝင်တုန်းက ၁၈ နှစ်မပြည့်သေးဘူး။ အခုနောက်ပိုင်းမှာ ၁၈ နှစ်ပြည့်သွားတယ်။ သူတို့ဟာလည်း ကလေးစစ်သားဖြစ်တယ်။ အဲလိုကလေးတွေကို ပြန်လည်ထုတ်တဲ့နေရာမှာ အခက်အခဲ အများကြီးရှိနေတုန်းပဲ။ တချို့နေရာတွေမှာ သိလျက်သားနဲ့ကို ဒါကို အသိအမှတ်မပြုတဲ့ဟာရှိတယ်။ တချို့ကလေးတွေ စစ်တပ်ထဲက ထွက်ပြေးလာတဲ့ ကလေးတွေကိုလည်း စစ်မှုထမ်းဥပဒေ ချိုးဖောက်တယ်ဆိုပြီးတော့ အရေးယူမှုရှိနေခြင်းဟာ ပထမဦးဆုံးဖြစ်နေတာ ဖြစ်တယ်။ အဲဒီတော့ ဒီအစိုးရလက်ထက်မှာ အသစ်ကို စုဆောင်းတဲ့နေရာမှာ နည်းသွားတယ်၊ လျော့ကျသွားတယ်။ ဒါပေမယ့် အဟောင်းတွေ အားလုံးထွက်ဖို့အတွက် အခုထက်ထိ မလုပ်နိုင်သေးဘူး။ နောက်တခါ ထွက်သည့်တိုင်အောင် ဒီကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ခံစားရတဲ့ကလေးတွေ ဖြစ်တယ်။ ဒီကလေးတွေကို စစ်တပ်ထဲကထုတ် အိမ်ကိုသွားပို့ရုံနဲ့ မရဘူးဗျ။ ကလေးတွေရဲ့ဘ၀ကို ပြန်လည်ရရှိဖို့အတွက် ပြန်လည်နာလံထကိစ္စတွေ လုပ်ဆောင်တာတွေ၊ ဘ၀ကို ပြန်ပြီး ပြုစုပျိုးထောင်တဲ့နေရာတွေမှာ အစိုးရက ထဲထဲဝင်ဝင်လုပ်ပေးတာ မရှိဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေကသာ လုပ်ဆောင်တဲ့အချိန်မှာ အားနည်းနေတဲ့ဟာ ရှိတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ အစိုးရကို ပြောချင်တဲ့ဟာက ကြိုဆိုပါတယ်။ ဒါပေမယ့် ကလေးစစ်သား အသုံးပြုမှု နာမည်ဆိုး ကုလသမဂ္ဂမှာ တင်နေတဲ့အချက်ကို ပျောက်အောင်လုပ်ရုံသက်သက် မဟုတ်ဘဲနဲ့ တကယ့်ကို စေတနာမှန်မှန် လုပ်ငန်းမှန်မှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က ပိုအရေးကြီးနေပါတယ်။ နိုင်ငံတကာမှာ ဘယ်လောက်ထိ နာမည်ကောင်းရရ၊ ပြည်တွင်းမှာ အကောင်အထည်ဖော်မှု မရှိလို့ရှိရင် ပြည်တွင်းက ကလေးတွေ လုံခြုံမှုရှိမှာ မဟုတ်တဲ့အတွက် မှန်ကန်တဲ့နှလုံးသား၊ တိကျတဲ့ပေါ်လစီနဲ့ ဆက်လက်လုပ်ဆောင်ဖို့က လိုနေတုန်းပါပဲ။” စောစောတုန်းက ဒါနဲ့တဆက်တည်းပဲ ကိုအောင်မျိုးမင်း ပြောသွားတဲ့အထဲမှာ အမျိုးသမီးတွေကိစ္စတွေ၊ နောက်တခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ ကျောင်းသားတွေ အများကြီးရှိသေးတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဗမာပြည်မှာ ဘယ်နေရာမှာ လွဲနေလဲ၊ ဘာတွေဆက်လုပ်ဖို့လိုလဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျာ။ “အမျိုးသမီးကိစ္စ ပြောမယ်ဆို ကျနော့်ရင်ထဲမှာ အခုချိန်ထိ စေတနာ့ဝန်ထမ်း ကချင်ဆရာမလေး ၂ ယောက်ကိစ္စက မပျောက်သေးပါဘူး။ အဲလိုမျိုးပဲ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတုန်းပဲ။ အဲဒီတော့ ဒီကိစ္စတွေကို အခုချိန်ထိ အမှုမှန်မဖော်နိုင်ခြင်းကိုယ်တိုင်က ဘာတွေ့လဲဆိုတော့ ကျနော်တို့ဆီမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့။ နောက်တခုက တိုင်ကြားမယ့်သူတွေက ပွင့်ပွင့်လင်းလင်း မပြောရဲဘူးဆိုတဲ့ကိစ္စ ကြည့်ခြင်းအားဖြင့် တရားစီရင်မှုမှာ အားနည်းမှုတွေ ရှိနေတယ်။ ဒါတွေက ကျနော်တို့တိုင်းပြည်ရဲ့ အဓိကပြဿနာပါ။ ချိုးဖောက်တဲ့သူကို အမှန်တကယ် ကာကွယ်ပြီးတော့ ပုံမှန်အတိုင်း အပြစ်ရှိတဲ့အတိုင်း လုပ်ဆောင်ဖို့ လိုအပ်သလို လူတိုင်းက တရားဥပဒေကို အားကိုးပြီး တိုင်ရဲတဲ့စိတ်ဓာတ်ရှိဖို့ ကျနော်တို့ အများကြီး ရှိနေတုန်းပါပဲ၊ ပြဿနာက အများကြီး ဖြေရှင်းရဦးမှာပါ။” ဟုတ်ကဲ့၊ လူအများရဲ့ အားကိုးမှုကို ခံယူနိုင်တာဆိုရင် ဗမာပြည်မှာ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့ပေးထားပါတယ်။ တချို့ကလည်း ဝေဖန်ကြတယ် လူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်မှုရှိရမယ်၊ အခုကျတော့ အစိုးရရဲ့ မန်းဒိတ်နဲ့ဖွဲ့တယ်။ အစိုးရခိုင်းတာပဲလုပ်တယ်။ သူလုပ်သင့်တာမလုပ်ဘူး စတဲ့ အဲဒါတွေနဲ့ ပတ်သက်လို့ လက်ရှိ ကော်မရှင်ဖွဲ့စည်းမှုရယ် နောက်တခုက တကယ်တမ်း တရားဥပဒေစိုးမိုးရေးနဲ့ ထိရောက်တဲ့ဟာတွေဖြစ်အောင် ဘယ်လိုမျိုး ဖြစ်သင့်ပါသလဲ။ “လူ့အခွင့်အရေးကော်မရှင်ဆိုတာက လွတ်လပ်ပြီးတော့ စွမ်းရည်ရှိတဲ့အရာဖြစ်ဖို့ လိုပါတယ်။ လွတ်လပ်မှုနဲ့ပတ်သက်လို့ ကျနော်တို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အပါအ၀င် တော်တော်များများ ထောက်ပြတာ ရှိပါတယ်။ ဒီကော်မရှင်ဝင်တွေရဲ့ နောက်ခံအကြောင်းအချက်တွေက သံသယဖြစ်စရာတွေ ဖြစ်နေတယ်။ သူတို့က အစိုးရ၀န်ထမ်းတွေဖြစ်တယ်။ သူတို့ကို ရွေးချယ်မှုအပိုင်းမှာလည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တင်ပြတိုင်ပင်မှု လုံးဝမရှိဘဲနဲ့ သမ္မတက တိုက်ရိုက်ခန့်အပ်တာ ဖြစ်သွားတဲ့အတွက် ထောက်ပြစရာ ဖြစ်ပါတယ်။ အဲဒီတော့ လူ့အခွင့်အရေးကော်မရှင်က အမှန်တကယ် လွတ်လပ်တယ်ဆိုတဲ့ဟာမျိုး ပြချင်ရင် လွတ်လပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးပြီးတော့ တိုင်ပင်မှုတွေရှိဖို့အတွက် ဒီမှာတော့ အားနည်းနေပါတယ်။ ဒါကြောင့်မို့လို့ နောက်တခါများ တင်မြှောက်မယ်ဆိုရင် ဒီလိုမျိုးအချက်တွေ ထည့်သွင်းစဉ်းစားဖို့တော့ လိုအပ်ပါတယ်။ နောက်တခုက လူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေမှာ ဘာတွေ့ရလဲဆိုလို့ရှိရင်တော့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးဆိုးဝါးဝါးဖြစ်ကာနီး အချိန်မျိုးဆိုလို့ရှိရင် ကော်မရှင်က ဒါကို ကြိုတင်တားဆီးတဲ့အနေတောင် လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်မှာ ကျနော်တို့ ဘာတွေ့ရလဲဆိုတော့ သမ္မတက ခိုင်းမှ၊ သမ္မတက အမိန့်ပေးမှ ကော်မရှင်က သွားပြီး စုံစမ်းတဲ့အရာဖြစ်တဲ့အတွက် တချို့လူတွေက လိုအပ်သလောက်တောင် မလုပ်ဘူးဆိုတဲ့ အားမလိုအားမရမှုတွေ ရှိနေတုန်းပါပဲ။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ပြည်သူ့ရဲ့အသံကို နားထောင်ပါ။ သူတို့ဘာတွေဖြစ်ချင်လဲ။ ပြီးလို့ရှိရင် သူတို့ရဲ့ ထိရောက်မှုတွေကို အမှန်တကယ် လုပ်ဆောင်ပါတယ်ဆိုတာကို ပြည်သူ့ရင်ထဲက နားလည်ဖို့၊ သဘောပေါက်လာအောင် လုပ်ဆောင်ပေးဖို့အတွက် အများကြီး လိုအပ်နေတုန်းပါပဲ။" ကျနော်နားလည်သလောက် လက်ရှိ လူ့အခွင့်အရေးကော်မရှင်သက်တမ်း နောက်ထပ် ၄ နှစ်လောက်ကျန်သေးတယ်။ ဗမာပြည်မှာလည်း အစိုးရသစ်က နောက်သုံးလလောက်ဆိုရင် ပေါ်ပါပြီ။ အထူးသဖြင့်တော့ အတိုက်အခံ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရမျိုး တက်လာမယ်။ စောစောကလိုမျိုး  ထိရောက်တဲ့၊ တကယ့်ကိုလည်း ပြောသင့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရသစ်မှာ အုပ်ချုပ်မှုအသစ်ပုံစံနဲ့ အခုကျန်နေတဲ့ သက်တမ်းနဲ့ ဘယ်လိုမျိုးဖြစ်သင့်တယ်၊ ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားသင့်တယ် ဆိုတာလေးကိုလည်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။ “ဟုတ်ကဲ့၊ လာမယ့်သက်တမ်းအတွင်းကို ပြောင်းလဲချင်တဲ့စိတ်တွေ မွေးဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တိုင်းပြည်က ပြောင်းလဲချိန်တန်ပြီ၊ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အသံက နေရာတိုင်းမှာ ကြားနေတယ်။ အဲဒီတော့ ကော်မရှင်ဝင်တွေရဲ့စိတ်ထဲမှာ ငါတို့က ခန့်အပ်လို့လုပ်တာ မဟုတ်ဘဲနဲ့ လူ့အခွင့်အရေးကို အမှန်တကယ် လုပ်ဆောင်လိုတဲ့ စိတ်ဓာတ်ရှိလို့ လုပ်ဆောင်ပါတယ်ဆိုတဲ့ စိတ်တွေကို အရင်ဆုံး မွေးစေချင်ပါတယ်။ အဲဒီစိတ်ထားရှိရင်တော့ လုပ်ငန်းတွေက ပိုပြီး ထိရောက်လာပါလိမ့်မယ်။ အဲဒီတော့ ပြည်သူလူထုက သံသယရှိနေတဲ့ဟာကို သံသယပျောက်ဖို့အတွက် လုပ်ငန်းနဲ့ ပထမဦးဆုံးလုပ်ပါလို့ ကျနော်ပြောချင်ပါတယ်။ နောက်တခုကတော့ နောက်တခါ ရွေးချယ်တင်မြှောက်မှု လုပ်ဆောင်မယ်ဆိုရင် လူမသိ၊ သူမသိနဲ့ ခန့်အပ်တာ မဟုတ်ဘဲနဲ့ ဘယ်သူက ရွေးသင့်သလဲ၊ ဘယ်သူတွေက ပါသင့်လဲ၊ ဘယ်သူတွေတော့ နောက်ဆုံးစာရင်းမှာ ထားသင့်လဲဆိုတာ ပြည်သူလူထုကို အသိပေးပါ။ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း ထည့်လုပ်ဆောင်လို့ ရှိရင်တော့ လွတ်လပ်မှုအပိုင်းကို ကျနော်တို့ ကောင်းကောင်းကြီး ချေဖျက်နိုင်ပါလိမ့်မယ်။ တကယ့်ကို ကျွမ်းကျင်တဲ့သူတွေ ပါလာရင်တော့ လုပ်ငန်းပိုင်းကလည်း အားကောင်းလာမှာပါ။ အစိုးရပိုင်းကလည်း လုပ်ပိုင်ခွင့်တွေ ပိုပေးမယ်၊ ကော်မရှင်တွေကိုယ်တိုင်ကလည်း တကယ့်ကို ထိထိရောက်ရောက်လုပ်ချင်မယ်၊ လူထုနဲ့ထိစပ်မှုရှိလာလေ ဒီယန္တရားကြီးက ပိုအားကောင်းလာမှာပါ။ ဒါကတော့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဆက်လုပ်သင့်သောအရာတွေလို့ ကျနော် ပထမဦးဆုံး အကြံပေးချင်ပါတယ်။” တဆက်တည်း အစ်ရှူးထဲမှာဆိုရင်တော့ မကြာခင်က မဘသလို့ လူသိများတဲ့ အမျိုး၊ ဘာသာနဲ့ သက်ဆိုင်တဲ့ ဥပဒေ ၄ ခု ပေါ်ခဲ့တယ်ပေါ့။ အဲဒါက ရွေးကောက်ပွဲကာလတုန်းက ဘာသာရေးကိုသုံးပြီး မဲဆွယ်ခဲ့တာတွေ အများကြီးရှိခဲ့တာပေါ့နော်။ အမှန်မှန်တော့ အခြေခံဥဒေအရလည်း တားထားတယ်။ ရွေးကောက်ပွဲ Code of Conduct ကျင့်ဝတ်အရလည်း တားထားတယ်။ ဒါပေမယ့် ဗမာပြည်မှာ ဒီအစ်ရှူးတွေ ရှိလာတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုမျိုး အသစ်ပေါ်လာမယ့်၊ ဒါမှမဟုတ် ရှိပြီးသားကော်မရှင်က ဘယ်လို address လုပ်သင့်သလဲ ဘယ်လို ကိုင်တွယ်သင့်သလဲ။ အထူးသဖြင့် ကျနော်တို့ အမျိုးဘာသာနဲ့ ပတ်သက်တဲ့ဟာ။ များသောအားဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကန့်ကွက်ကြတယ်၊ ဒီဟာသည် လူ့အခွင့်အရေးရှုထောင့်နဲ့ မကိုက်ညီဘူးဆိုတာ။ အဲဒါနဲ့ပတ်သက်လို့ ကိုအောင်မျိုးမင်းအနေနဲ့ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်သင့်တယ် ဆိုတာလေးကို ဖြည့်စွက်ပြီး ပြောပေးပါဦးခင်ဗျ။ “ဟုတ်ကဲ့ပါ၊ ဒီစာချုပ် ၄ ခု (ဥပဒေ) ပေါ်လာတဲ့ မတိုင်ခင်ကတည်းက ကျနော်က ဒီဟာတွေဟာ နိုင်ငံတကာစံချိန်နဲ့ မကိုက်ညီဘူးလို့ ကျနော် ပြောခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးရယ်၊ လူနည်းစုတွေရဲ့ အခွင့်အရေးကို ထိခိုက်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။ အဲဒီတော့ ဒီဟာကို ပြန်လည်ပြီးတော့ သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဥပဒေတခုက မလိုဘဲနဲ့ ဖွဲ့လို့ရှိရင် ဒုက္ခရောက်ပါတယ်။ ရှိပြီးတော့ လူတွေကို ကာကွယ်ပေးမယ့်အစား ဒုက္ခပေးတဲ့အရာလည်း မဖြစ်သင့်ပါဘူး။ ဒါကြောင့်မို့လို့ ပြန်လည်သုံးသပ်ဖို့ ကျနော်ပြောချင်တယ်။ နောက်တခုက အဲဒီအပေါ်မှာ အခြေခံပြီးဖြစ်လာသော၊ မုန်းတီးမှုအခြေခံသော လှုံ့ဆော်ဟောပြောမှု၊ ဒါတွေကတော့ လူ့အခွင့်အရေးကို မကိုက်ညီရုံတင်မကဘူး၊ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပါတယ်။ အဲဒီတော့ မုန်းတီးမှုကို အခြေခံပြီး လှုံ့ဆော်မှုတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ကာကွယ်ပေးဖို့  ပြောထားတယ်။ ဒါတွေကို လိုအပ်နေပြီလို့ ပြည်သူတွေက တောင်းတဲ့အတွက် ဒီဥပဒေ လုပ်ဆောင်မှုတွေ ရှိလာတဲ့အပေါ်မှာ ဥပဒေအရ အရေးယူပေးဖို့၊ တဘက်ကိုခွင့်ပြုပြီး တဘက်ကို ခွင့်မပြုတဲ့အရာမျိုး မဖြစ်ဖို့ ဒီဟာတွေကို တကယ်တမ်း တားဆီးနိုင်တဲ့အရာမျိုး လုပ်ဆောင်ပေးဖို့ ကော်မရှင်ကတဆင့် ဥပဒေပြုတဲ့သူတွေ၊ ဥပဒေကို ပြန်လည်သုံးသပ်မယ့်သူတွေ၊ တရားစီရင်မယ့်သူတွေ အားလုံးရင်ထဲမှာ ဒါကို လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်က အရမ်းလိုအပ်နေပါတယ်။” ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိသလို တချို့ဥပဒေတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတာပေါ့။ အခုလာမယ့် နိုင်ငံရေးအခင်းအကျင်းအသစ်က ၂၀၁၆ ကတော့ လွှတ်တော် ၂ ခုစလုံးကတော့ အန်အယ်လ်ဒီက ကိုင်ထားမှာပေါ့နော်။ ဥပဒေတွေထဲမှာ အဲဒါနဲ့ပတ်သက်လို့ရော လာမယ့်လွှတ်တော်ထဲမှာ စောစောတုန်းကလိုမျိုး ပြဿ နာ၊ အကောင်းထက် အဆိုးဘက်ကို ဦးတည်သွားစေတဲ့ ဥပဒေ ပြန်ပြီးတော့ ဘယ်လိုပြုနိုင်လဲ၊ ဘာတွေလုပ်နိုင်လဲ ဆိုတာလည်း ဖြည့်စွက်ပြောပေးပါဦး။ “ဥပဒေတခု ပြုပြင်ပြောင်းလဲဖို့လုပ်တယ်၊ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းမယ်ဆိုလို့ရှိရင် ဒါက ဥပဒေပြုကဏ္ဍပေါ့။ ဒါပေမယ့် ဥပဒေကို သူတို့ချည်းပြုတာ မဟုတ်ဘဲနဲ့ ဘာကြောင့် ဒါတွေက ပြုဖို့လိုအပ်လဲ။ ဘာတွေက ပြည်သူလူထုဆန္ဒမှာ ဘယ်လိုရှိလဲဆိုတာ ပြည်သူလူထုနဲ့ တိုင်ပင်သော၊ ပြည်သူလူထုရဲ့ ကျွမ်းကျင်တဲ့လူတွေရဲ့ အကြံဉာဏ်တွေကို လေ့လာပြီးတော့မှ သုံးသပ်သောအရာဖြစ်လို့ရှိရင်တော့ ဒါက ကောင်းတဲ့ဥပဒေ ပေါ်လာပါလိမ့်မယ်။ ဒါမှမဟုတ်ဘဲနဲ့ ဒီဥပဒေတွေကို သုံးသပ်မှုမှာ အစိုးရက လိုအပ်တယ်၊ လူနည်းစုက လိုအပ်တယ် ဆိုတာကိုပဲ ကြည့်ပြီးတော့ လုပ်ဆောင်နေရင်တော့ ဥပဒေဆိုတာ ဘေးထွက်ဆိုးကျိုးရှိသော၊ နောက်တခါ ဒီလိုမျိုး ဥပဒေပြဋ္ဌာန်းတဲ့ အစိုးရအပေါ်မှာ အယုံအကြည်မဲ့သော၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ ဆန့်ကျင်သော ဥပဒေကို ပြဋ္ဌာန်းတဲ့အစိုးရ ဆိုပြီးတော့ လူတွေစိတ်ထဲမှာဖြစ်သွားရင် ဒါဟာ ကောင်းကျိုးတော့ မဖြစ်နိုင်ပါဘူး။” လာမယ့်နိုင်ငံရေးအခင်းအကျင်းသစ်မှာ လူ့အခွင့်အရေးကို ကာကွယ်သော၊ မြှင့်တင်သော၊ တရားဥပဒေစိုးမိုးရေးရှိသော ဘယ်လိုပုံစံမျိုးပေါ့နော် လူ့အခွင့်အရေးကော်မရှင်အပြင် တခြားလုပ်နိုင်တဲ့ ဘာတွေရှိသေးလဲ။ ဗမာပြည်မှာ အသိအမှတ်ပြုသင့်တဲ့ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးတွေ ဘာတွေရှိသေးလဲ ဖြည့်စွက်ပြောပေးပါဦး။ “လူ့အခွင့်အရေးဆိုတာ ဌာနတခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ လူတဦးနဲ့လည်း သက်ဆိုင်တာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်သော၊ အစိုးရမှာရှိတဲ့ ယန္တရားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အဲဒီတော့ ခုနလို ကော်မရှင်ကလည်း လူ့အခွင့်အရေး တိုင်ကြားမှုတွေကို စနစ်တကျ ဖော်ထုတ်ပြီးတော့ ဒီထက်ထိရောက်တဲ့ အရေးယူမှုဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လုံခြုံမှုပေးသော လူ့အခွင့်အရေးတွေ ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်။ နောက်တခုက တရားစီရင်ရေးအပိုင်းမှာ တရားစီရင်ရေးဆိုတာ လူ့အခွင့်အရေး ချိုးဖောက်သူကို အပြစ်ပေး အရေးယူပြီး ချိုးဖောက်ခံရတဲ့သူကို ကာကွယ်ပေးတဲ့ တရားစီရင်ရေးစနစ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းမှာ ဆိုလို့ရှိရင်လည်း ဟိုးအောက်ခြေက ၀န်ထမ်းတွေကအစ သမ္မတအဆုံး လူ့အခွင့်အရေးကို ကာကွယ်ပေးရမယ်ဆိုတဲ့ တာဝန်သိ စိတ်ဓာတ်တွေရှိဖို့ လိုအပ်ပါတယ်။ အဲဒီတော့ ကျနော်တို့ လူထုအခြေပြု အဖွဲ့တွေကတော့ ကျနော်တို့ လူ့အခွင့်အရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ပါ့မယ်၊ အစိုးရနဲ့လည်း ပူးပေါင်းလုပ်ဆောင်မှု ရှိပါလိမ့်မယ်။ ဒါပေမယ့် ပြောင်းလဲမှုက လူတိုင်းလူတိုင်းရင်ထဲမှာရှိဖို့၊ အစိုးရရဲ့ ယန္တရားတွေမှာ  ပြောင်းလဲနိုင်တဲ့ ပုံစံမျိုးတွေ ရှိဖို့အတွက် ဆက်လက်တိုက်တွန်းသွားဖို့တော့ အများကြီး လိုအပ်နေဦးမှာ ဖြစ်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024