မိုင်းရှူးမြို့တွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
နန်းမြနဒီ
·
November 18, 2015
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့မှာ နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီလောက်က ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး လူတွေတော့ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။
မိုင်းရှူးမြို့ ကျားခေါင်းပါတီ လွှတ်တော်အမတ် နန်းကောင်ခမ်းက "မနေ့ညက ရပ်ကွက် ၄ ထဲက ဦးတိမာတို့ အိမ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်တယ်။ အိမ်အပြင်ဘက်မှာ ပေါက်ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ လူသွားလူလာလည်း မရှိဘူးလေ။ အခုတလော မိုင်းရှူးမှာ အခြေအနေမကောင်းတော့ ည ၇ နာရီဆို ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ ဗုံးပေါက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ စုစုပေါင်း နှစ်လုံးတွေ့တယ်။ နောက်တလုံးတော့ မပေါက်ဘူး၊ စနက်တံတော့ ဖြုတ်ထားတယ်တဲ့။ အဲဒီ မပေါက်သေးတဲ့ တလုံးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဖျက်ဆီးလိုက်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်ရှူးမြို့ ရပ်ကွက် ၄ ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း မြို့လည်ကျောင်း တိုက်နဘေးမှာ လက်လုပ်ဗုံးအမျိုးအစားတခု ပေါက်ကွဲပြီး ကိုရင် ၂ ပါး၊ အဖွားအို ၁ ဦးနဲ့ မိန်းကလေးငယ် ၁ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရပြီး အဖွားအိုက သေဆုံးသွားခဲ့ပါတယ်။
မိုင်းရှူးမြို့ဟာ လတ်တတော အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၀မ်ဟိုင်းဒေသအနီးမှာရှိတာဖြစ်ပြီး လက်ရှိ မိုင်းရှူးမြို့ပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၇၀၀ ကျော် လာရောက်ခိုလှုံနေရတယ်လို့သိရပါတယ်။