ကေအိုင်အေ တပ်ရင်း ၉ ကို အစိုးရတပ်က သိမ်းပိုက်
နော်နိုရင်း
·
October 26, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ ကေအိုင်အေတပ်ရင်း ၉ ကို အစိုးတပ်က ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်လိုက်ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက အဲဒီတပ်ရင်း ၉ ဒေသတ၀ိုက်မှာ အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မနေ့မနက်ပိုင်းက သိမ်းဆည်းသွားတာလို့ ကေအိုင်အေတပ်က ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။
“ဒီလ ၂၃ - ၂၄ လောက်ကနေ စဖြစ်တာ။ နှစ်ဘက် ဒဏ်ရာရတယ်၊ ကျဆုံးတယ်ဆိုတာတော့ တိတိကျကျတော့မရဘူး။ ဒါပေမယ့် သုံးလေးရက် ဆက်တိုက်ဖြစ်တာဆိုတော့ နှစ်ဘက်ကတော့ နစ်နာတယ်။ ကျဆုံးတာတော့ နည်းနည်းပါးပါးတော့ ရှိတယ်လို့ထင်တယ်။”
ကေအိုင်အေ တပ်မဟာ ၄ တပ်ရင်း ၉ ဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာရှိပြီး မနေ့ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်က အစိုးရတပ်က စစ်မျက်နှာ ၈ ခု၊ စစ်အင်အား အလုံးအရင်းနဲ့ လာရောက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်တာလို့ ကချင်လူမှုကွန်ရက် စာမျက်နှာမှာလည်း ရေးသားထားပါတယ်။
ဗိုလ်မှူးကြီးနော်ဘိုကတော့ ဒါဟာ ကေအိုင်အေရဲ့ ရှေ့တန်းတပ်စခန်းသာ ဖြစ်တယ်လို့ ပြောပါတယ်။