မံစီတိုက်ပွဲ အစိုးရတပ် ၅ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ
နန်းမြနဒီ
·
September 30, 2015
မံစီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဘက်က အရာရှိ ၁ ဦး အပါအ၀င် စစ်သည် ၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ အရှေ့တောင်ဘက် ၁ မိုင်လောက်အကွာ တောင်ကုန်းမှာ တပ်စွဲထားတဲ့ ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား စက်တင်ဘာ ၂၆ ကနေ ၂၈ အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး အရာရှိ ၁ ဦး သေဆုံးကာ စစ်သည် ၄ ဦး ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။
လိုက်ကာ၊ ဆွတ်ဂျာနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းတွေ နယ်မြေ ရှင်းလင်းရာမှာတော့ စက်တင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ မိုင်းဖြစ်စဉ် ၄ ကြိမ်နဲ့ ထိတွေ့မှု ၆ ကြိမ်ဖြစ်ပွားပြီး တပ်မတော် စစ်သည် ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်ခေါင်-မံစီ ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ တပ်မတော်က စစ်သည် ၁ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို အောက်တိုဘာလဆန်းမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။
စက်တင်ဘာ ၂၉ ရက် မနေ့ကလည်း မံစီမြို့နယ် ရွာသစ်ကုန်းရဲ့ အရှေ့ဘက် ၁ မိုင်အကွာက လုံဂျာဘွပ်ဆိုတဲ့ ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး မံစီမြို့မှာ အခြစိုက်တဲ့ အစိုးရတပ်က မြို့လယ်ကနေ လှမ်းကူပစ်ပေးနေတယ်လို့ လူမှုအခြေပြု ပဋိပက္ခစောင့်ကြည့်ရေး အဖွဲ့ဝင် ဦးခါးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့တုန်းက အစိုးရတပ်က မြို့လယ်စေတီကုန်းပေါ်ကနေ လုံဂျာဘွပ်ဘက်ကို နာရီဝက်ခြား တခါ၊ တနေကုန်ပစ်တယ်။ ကျနော်လည်း မံစီမှာရှိနေတာ အသံအကျယ်ကြီးပဲ၊ မနက် ၉ နာရီလောက်ကစပြီးပစ်တာ နာရီဝက်ခြားတခါ ၁၅ မိနစ်နေတခါ အဲလိုပဲ၊ ရပ်လိုက်ပစ်လိုက်နဲ့ ည ၇ နာရီလောက်မှာ ငြိမ်သွားတယ်။ ဒီနေ့တော့ ဘာသံမှ မကြားရသေးဘူး၊ နေ့ခင်းပိုင်းဆိုရင်တော့ မပြောတတ်ဘူး၊ မံစီမြို့မှာ တချို့ စာသင်ကျောင်းတွေ ရုံးတွေ ပိတ်ထားတယ်။”
ခုရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် လုံဂျာဘွပ်ဘက်က ကေအိုင်အေ ရှေ့တန်းစခန်း ၂ ခု ဆုတ်ခွာပေးလိုက်ရကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ရွာသားတွေလည်း အိမ်ပြန်လို့ မရသေးကြောင်း ဦးခါးအောင်က ပြောပါတယ်။