လမ်းပေါ် ထွက်လာသူ လူငယ်များ
DVB
·
August 9, 2015
ကျောင်းသားကျောင်းသူ လူငယ်တွေ လမ်းပေါ်ထွက်လာကြပြန်ပါပြီ။
လူငယ်တွေ ယခုလို လမ်းပေါ်ထွက်လာကြတာက သူတို့ချစ်တဲ့ အမိမြန်မာနိုင်ငံ ဒုက္ခဆင်းရဲထဲ ရောက်နေတာကို မရှုစိမ့်နိုင်လို့ အမိမြန်မာပြည်ကို ကယ်တင်ချင်လို့ လူစု လူဝေးနဲ့ လမ်းပေါ်ထွက်လာကြတာဖြစ်တယ်။
မြန်မာနိုင်ငံတ၀န်းလုံးပဲ မိုးကြီး၊ ဆည်ရေဖောက်၊ လူတွေ ရေနစ်ဒုက္ခရောက်နေကြတယ်။ တကယ့် သဘာဝဘေးဆိုးကြီးကို မြန်မာနိုင်ငံသားတွေ ခံစားနေကြရတယ်။ ရေဘေးဒုက္ခ ခံစားနေရတဲ့ ပြည်သူလူထု သက်သာတန်သလောက် သက်သာရာ ရပါစေဆိုတဲ့ စေတနာမျိုးနဲ့ ပြည်သူအချင်းချင်း ဒုက္ခသည်တွေကို မျက်နှာလွှဲမနေဘဲ ကူညီဖို့ ရေဘေးကယ်ဆယ်ရေး အလှူငွေအတွက် လမ်းပေါ်ထွက်ပြီး အလှူခံကြတယ်။ ဒီလို အလှူခံသူတွေထဲမှာ ကျောင်းသားကျောင်းသူအရွယ် လူငယ်တွေက အင်အားအများဆုံးပါပဲ။
တိုင်းသူပြည်သားတွေ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ ကယ်ဆယ် ကူမဖို့ အစိုးရမှာ တာဝန်ရှိတာကို လူငယ်တွေက မသိမဟုတ်၊ သိကြပါတယ်။ ဒါပေမယ့် သူတို့ လုပ်ကိုင်နေကြပုံက အစိုးရကို ရှိလေတယ်လို့တောင်မှ သဘောထားပုံမရဘူး။ အစိုးရခမျာ လူရာမ၀င်ဘဲ ပစ်ထားတာ ခံရသလိုပါပဲ။ လူငယ်အချို့ကတော့ အစိုးရရဲ့ ပျက်ကွက်မှုကို ဟာသလုပ်တယ်။ ဖေ့စ်ဘွတ်ခ်ထဲမှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ၀န်ကြီးဌာန ပျောက်ဆုံးနေလို့၊ တွေ့ရင်ပြောကြပါ ကျေးဇူးဆပ်ပါမည် ဆိုပြီး ဟားကြတယ်။
ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် လူငယ်တွေ ကျောင်းအလိုက်၊ ပရဟိတ အဖွဲ့အစည်းအလိုက်၊ လုပ်ငန်းဌာနအလိုက်၊ ရပ်ကွက်အလိုက် နီးစပ်ရာ စုပေါင်းပြီး လမ်းပေါ်မှာ ရေဘေးအလှူခံကြတယ်။
အချို့က ဗီနိုင်းရိုက်ပြီး အလှူခံတယ်၊ အချို့က စက္ကူချပ်ပေါ်မှာ ရေးပြီး အလှူခံတယ်။ အစဉ်အလာကတော့ အလှူခံတယ်ဆိုရင် အလှူခံ သင်္ကေတအဖြစ် ငွေဖလားတော့ လိုတယ်။ ငွေဖလားမတတ်နိုင်သေးရင် ဒန်သတ္တုမျောခွက်လိုတယ်။ ဖလာထဲ ခွက်ထဲမှာ ကျောက်ခဲထည့်ပြီး ဂလောက်ဂလောက် လုပ်တာ အလှူခံရဲ့ သင်္ကေတပါ။ ဒါပေမယ့် ရေဘေးဒုက္ခကြီး ကြုံနေရချိန်မှာ အလှူခံထွက်ရတယ်ဆိုတာကို ဖော်မြူလာအတိုင်း လုပ်မနေနိုင်ပါဘူး။ အချို့က ဦးထုပ်ကို ဖလားလုပ်ပြီး အလှူခံတယ်။ ချပ်စက္ကူ ပုံးလွတ်ကို အလှူခံဖလားအဖြစ် သုံးကြရတယ်။ စက္ကူချပ်ပုံး မှာ စာရေးပြီး ကပ်ထားသေးတယ်။ Save Myanmar မြန်မာပြည်ကို ကယ်တင်ပါ။
ရေဘေးကြီးကြုံရချိန်မှာ နှလုံးသားမြင့်မြတ်တဲ့ ပြည်သူလူထု အားလုံးကလည်း ကူဖို့ ကယ်ဖို့ စိုင်းပြင်းတယ်။ လူငယ်တွေချည်းမဟုတ်ဘဲ လူကြီးအချို့လည်း အလှူခံထွက်ပါတယ်။ ပန်းချီဆရာတွေက ပန်းချီကားတွေဆွဲပြီး ချရောင်းကာရန်ပုံငွေရှာတယ်။ အနုပညာ သမားတွေက ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေရင်း ရန်ပုံငွေရှာတယ်။ အားလုံးထဲမှာတော့ ကျောင်းသားကျောင်းသူတွေက လူငယ်ပီပီ အတက်ကြွဆုံးပါပဲ။
ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ လမ်းမပေါ်မှာ အလှူခံနေတဲ့ လူငယ်တွေကို ကြည့်လိုက်ရင် ရွှင်လန်းတက်ကြွနေတာတွေ့ရတယ်။ တို့မီးရှို့မီး ဘေးတီးချောက်တွန်း သူတွေများတဲ့ခေတ်ထဲမှာ လူမျိုးဘာသာ ကွဲပြားခွဲခြားမှုမထားဘဲ အားလုံးတသား တည်းရှိနေတာ မြင်ရတယ်။ စိတ်ထားကောင်း အလေ့အထ ကောင်းလေးတွေ ရှိတာ တွေ့ရတယ်။ လူကြီးတွေကလည်း လူငယ်တွေ စည်းလုံးပျော်ရွှင်စွာ ပြည်သူ့အကျိုး ဆောင်တဲ့အလုပ်ကို လုပ်နေတာ နှစ်သက်သဘောကျ အားပေးကြတယ်။
ကျောင်းသားကျောင်သူ လူငယ်တွေရဲ့ အုပ်စုအမည်တွေကို ကြည့်လိုက်တဲ့အခါ အချို့ဟာ တက္ကသိုလ်ကျောင်းတွေက ဖြစ်တယ်။ အချို့က ဘွဲ့လွန်တွေ၊ တကယ့် ပညာတတ်ပညာရှင်တွေ။ မောင်းသွားတဲ့ ကားပေါ်က ချပစ်သွားတဲ့ ငွေစက္ကူက လေမှာ တလွင့်လွင့် လွင့်သွားတာကို သူတို့အပြေးလိုက်ကောက်တယ်။ ငွေစက္ကူတရွက်ကို အပြေးလိုက်ကောက်ရတာ သိမ်ငယ်တယ်လို့ သူတို့မယူဆဘူး။ သူတို့ထဲကအချို့ဟာ တစ်သောင်းတန်စက္ကူအထပ်နဲ့ ယပ်ခတ်နိုင်လောက်အောင် ပြည့်စုံသူတွေ ပါတယ်။
လူငယ်လေးတွေက လမ်းပေါ်မှာ တကယ့်အခြေခံပြည်သူလူထုဆန်စွာ စက္ကူပုံးကို အလှူခံဖလားလုပ်ပြီး ရန်ပုံငွေရှာနေတော့ လှူမယ့်သူကလည်း ၅၀၀ ပဲဖြစ်ဖြစ်၊ ၁၀၀၀ ပဲဖြစ်ဖြစ် ရှက်ရွံ့အားနာစရာမလိုဘဲ အလွယ်တကူ လှူနိုင်ကြတာမြင်ရတယ်။ အင်မတန် ဘ၀ဆန်ကြတယ်။ မြေကြီးနဲ့နီးတယ်။ တီဗွီထဲမြင်ရတဲ့ ချပ်စက္ကူပုံးပေါ်မှာ သုညတွေ တသီကြီးရေးပြီး နှမျောတဿ အလှူဆိုတာနဲ့ သိပ်ကွာတယ်။ မြေကြီးနဲ့နီးတော့ လူတန်းစားပေါင်းစုံရဲ့ ကုသိုလ်တွေလည်း ပါဝင်သလို ပါဝင်တဲ့ ပမာဏပေါင်းကလည်း များတယ်။
လူငယ်တွေဟာ ရေဘေးဒုက္ခဆိုးကြီးနဲ့ ကြုံရချိန်မှာ စိတ်ညီလက်ညီ စုပေါင်း လုပ်ကိုင်ကြတယ်။ ဒီလိုလုပ်တာက အကျိုးများတာ အောင်မြင်တာလည်း လက်တွေ့ တွေ့ကြရတယ်။ ရေဘေးကူညီရေးကို လက်တွေ့လုပ်ကြရတော့ လူငယ်တွေဟာ လုပ် ရင်ရတယ်ဆိုတဲ့ အသိအမြင် အမြတ်ကို ရလိုက်ကြတယ်။
ကျော်ရင်မြင့်
Photo By Shwe Ni