လူကုန်ကူးခံ မြန်မာ ငါးဖမ်းလုပ်သား ၄၅ ဦးကို အင်ဒိုရဲတပ်ဖွဲ့ ကယ်တင်
DVB
·
August 8, 2015
လူကုန်ကူးခံရတယ်လို့ ယူဆထားတဲ့ မြန်မာ ငါးဖမ်းလုပ်သား ၄၅ ဦးကို ဂျကာတာ မြို့လယ်ခေါင် ဟိုတယ်ကနေ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ကယ်တင်လိုက်ပါတယ်။
အထောက်အထားအတုတွေနဲ့ ထွက်လာတဲ့ ဒီအဖွဲ့ဟာ အင်ဒိုနီးရှား အရှေ့ပိုင်း အန်ဘွမ်ကျွန်းကနေ ရောက်လာတာ ဖြစ်ပြီး သြဂုတ် ၅ ရက်မှာ ရဲတပ်ဖွဲ့က ခြေရာခံမိတာလို့ အေပီသတင်းမှာ ရေးပါတယ်။
“သူတို့တွေက လူကုန်းကူးခံရတဲ့ ဓားစာခံတွေ ဖြစ်ပါတယ်။ လူကုန်ကူးတဲ့ ကွန်ရက်နဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို ထုတ်ဖော်နိုင်ဖို့ ကျနော်တို့ စုံစမ်းထောက်လှမ်း နေပါတယ်။” လို့ အမျိုးသား ထောက်လှမ်းရေး ရဲတပ်ဖွဲ့အကြီးအကဲ အဘူဒီဝါဆက်ဆိုက ပြောပါတယ်။
ပွဲစားက မြန်မာကနေ ထိုင်းမှာ အလုပ်ပေးမယ်လို့ ဆွဲဆောင်ခဲ့ပြီး ငါးဖမ်းစက်လှေပေါ်မှာ အလုပ်လုပ်ခဲ့ရတယ်လို့ လူကုန်ကူးခံရတဲ့သူတဦးက ဆိုပါတယ်။
ထိုင်းသင်္ဘောသား လက်မှတ် အထောက်အထား အတုတွေကိုလည်း သူတို့ကို ထုတ်ပေးထားပြီး ၄ နှစ်အထိ အလုပ်လုပ်ပေးခဲ့သလို ကတိပေးထားတဲ့ လုပ်အားခကို မရဘူးလို့ ပြောပါတယ်။
တခြားတဦးကလည်း လုပ်ခလစာမရတာ ၃ နှစ်ရှိပြီလို့ပြောပါတယ်။ “စက်လှေပေါ်မှာ ကျနော်တို့ အရိုက်ခံရတယ်၊ ဖျားနေတာတောင် နားဖို့ ခွင့်မပြုဘူး” လို့ သူက ပြောပါတယ်။
အန်ဘွမ်ဟာ မတ်လက မြန်မာ ကမ္ဘောဒီးယား ထိုင်းနဲ့ လာအိုက အလုပ်သမားတွေကို ကျွန်အဖြစ် ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အတင်းအကျပ်လုပ်ဆောင်စေတဲ့ လူသူ အရောက်အပေါက်နည်းတဲ့ ဘန်ဂျီနာရွာနဲ့ ဆက်နွှယ်နေတဲ့ ကျွန်းတခုလည်း ဖြစ်ပါတယ်။
မြန်မာငါးဖမ်းအလုပ်သမားတွေဟာ အရင် ၂ လကလည်း ဂျာကာတာကို အထောက်အထား စာရွက်စာတမ်းတွေ လုပ်ဖို့အတွက် လာရောက်ပြီး အန်ဘွမ်ကို ပြန်သွားတယ်လို့ ဆိုပါတယ်။ ဒီတခေါက် ပြန်လာတဲ့ အချိန်မှာတော့ အခုလို ကယ်တင်ခံရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လုံခြုံမယ့်နေရာ တနေရာမှာ ရှိနေပြီး ရဲတွေက လူကုန်ကူးခံရမှုနဲ့ စာရွက်စာတမ်းမရှိဘဲ သွားလာခွင့်ရတဲ့အခြေအနေတွေကို စိစစ်နေပါတယ်။