အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ရေဘေးအကူအညီများ ရောက်ရှိ
DVB
·
August 7, 2015
မြန်မာနိုင်ငံက သဘာဝဘေးဒဏ် ခံနေရသူတွေအတွက် ဆန်၊ ဆေးဝါးနဲ့ တခြား ကူညီ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ အိန္ဒိယလေတပ်က ထောက်ပံ့ရေး လေယာဉ် နှစ်စင်း သြဂုတ် ၆ ရက်နေ့က လေကြောင်းနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာပါတယ်။
ဆန် ၄၅ တန်၊ ခေါက်ဆွဲ ကီလို ၃ဝဝ၊ ဆေးဝါးနဲ့ အခြားပစ္စည်း ကီလို ၃ဝဝ စုစုပေါင်း တန် ၅ဝ သယ်ဆောင်လာတဲ့ စီ-၁၇ အမျိုးအစား ထောက်ပံ့ရေးလေယာဉ်ဟာ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနေ့ညပိုင်းမှာ ဆိုက်ရောက်လာတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ရေဘေးဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ကလေးမြို့ လေဆိပ်ကိုလည်း စီ-၁၃ဝ ထောက်ပံ့ရေး လေယာဉ်တစင်း မွန်းလွဲပိုင်းမှာ ရောက်လာပြီး ဆန်၊ ခေါက်ဆွဲခြောက်နဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
[caption id="attachment_106431" align="aligncenter" width="571"] ဓာတ်ပုံ - အမ်အိုအိုင်[/caption]
အလားတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက ပေးအပ်တဲ့ ရေဘေးသင့် မြန်မာပြည်သူတွေအတွက် လှူဒါန်းပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ် ၁၄ စီးပါ ယာဉ်တန်း မနေ့ကတည်းက တရုတ် - မြန်မာနယ်စပ် မူဆယ်ကနေ ၀င်ရောက်လာပါတယ်။
တရုတ်ကပေးတဲ့ အကူအညီတွေထဲမှာ ဆန်တန်ချိန် ၁ဝဝ၊ မိုးကာတဲ ၁ဝဝဝ၊ နို့မှုန့်ဖာကြီး ၅ဝဝ၊ ခေါက်ဆွဲခြောက်ဖာ ၁ဝဝဝဝ ပါဝင်ပြီး လှူဒါန်းမှုပစ္စည်း စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ ၂၄၁ဝဝဝ တန်ဖိုးရှိတယ်လို့ သိရပါတယ်။
အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာ နာဂျန်ဒရန် နန္ဒကူးမားကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ စာနာစိတ်နဲ့ ကူညီလှူဒါန်းတာဖြစ်ပြီး နောက်ရက်တွေမှာလည်း ကလေးမြို့နဲ့ စစ်တွေမြို့တွေကို ထောက်ပံ့ရေးပစ္စည်းတွေ လေယာဉ်နဲ့ ဆက်လက်ပေးပို့သွားမယ်လို့လည်း နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။