Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်စတင်
DVB
·
July 27, 2015
11811418_1047876911913463_5824281882793161407_n
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယနိုင်ငံကို ဇူလိုင် ၂၆ ရက်နေ့က ချစ်ကြည်ရေးခရီး စတင်လိုက်ပါတယ်။ ခရီးစဉ်အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အိန္ဒိယအစိုးရနဲ့ တပ်မတော်က  တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ခု အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို  ဆွေးနွေးမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယကလာတဲ့ သတင်းတွေမှာတော့ မြန်မာကာကွယ်ရေးဦးစီးချုပ်ဟာ အိန္ဒိယ စစ်တပ်အကြီးအကဲနဲ့  အမျိုးသားလုံခြုံရေး အကြံပေးတို့နဲ့  ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လက်နက်ဝယ်ယူရေး ကိစ္စတွေ၊ နှစ်နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတဲ့ အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ ရေးသားထားပါတယ်။ မြန်မာတပ်မတော်အကြီးအကဲဟာ အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ ကာကွယ်ရေးဝန်ကြီး မန်နိုဟာ ပါရီကာတို့နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိတိုင်းမ် သတင်းမှာရေးပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ဗုဒဂါယာကို ဘုရားဖူးသွားရောက်မှာ ဖြစ်တဲ့အပြင် အိန္ဒိယတပ်မတော် အမှတ် ၃ ရဲ့ ဌာနာချုပ်ကို သွားရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် အိန္ဒိနိုင်ငံက တခြား ထင်ရှားသောနေရာတွေနဲ့ အကြီးစားစက်မှု၊ လက်မှု လုပ်ငန်းတွေကိုလည်း မြန်မာကာကွယ်ရေးဦးစီးချုပ်က  လေ့လာကြည့်ရှုဖို့ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့  အိန္ဒိယနိုင်ငံကို မြန်မာတပ်မတော်အကြီးအကဲတဦးအဖြစ် ဒုတိယအကြိမ် သွားတဲ့ခရီးခရီးဖြစ်ပြီး  ကာကွယ်ရေးဦးစီးရုံး (ကြည်း) က ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တို့အပြင် ဇနီး ဖြစ်သူ ဒေါ်ကြူကြူလှလည်း လိုက်ပါသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024