ပုန်းညက်သရဖီ ပွင့်ချင်းညီ၊ ရာသီလှည့်ပတ် ကရကဋ်၊ နတ်လည်းစက်လို လ၀ါဆို
မောင်တူး
·
July 26, 2015
“၀ါဆို၊ ၀ါခေါင် ရေတွေ ကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်။”
ငယ်ငယ်တုန်းက ကျက်မှတ်တဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးကို ၀ါဆိုလရောက်တိုင်း ဆိုနေ မိတယ်။
တန်ခူး၊ ကဆုန်၊ နယုန်၊ ၀ါဆိုပါ။ မြန်မာ့ ၁၂ လမှာ စတုတ္တမြောက်ဝါဆိုလဟာ ထူးထူးပြားပြား စုံစုံညီညီ ဖြစ်ပျက် စီရရီ ရှိခဲ့တဲ့လပေါ့။ ဒီလို ထူးချက်တွေရဲ့ အထွဋ်အခေါင်ကတော့ ၀ါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော်နေ့မို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားကြပါတယ်။ ၀ါဆိုလပြည့်ဟာ ဘုရားရှင် ပဋိသန္ဓေတည်တဲ့နေ့၊ တောထွက်တဲနေ့၊ သာဝတ္ထိပြည် တိတ္ထိသင်းတို့ကို နှိမ်နင်း တန်ခိုးပြာဋိဟာ ပြတဲ့နေ့တွေလဲ ဖြစ်တာကြောင့် ထူးချက်တွေက ပြင်းလှတာလို့ ဆိုကြတယ်။ ဒါတွေက လောကုတ္တရာ ဗုဒ္ဓ၀င်ထူးခြားချက်တွေသာပါ။ လောကီ သမိုင်းဝင် ထူးခြားချက်တွေမှာလည်း ၀ါဆိုလဟာ ဗြိတိသျှခေတ်ကစပြီး ပါလီမန်ဒီမိုကရေစီခေတ်အလယ် စစ်အာဏာရှင်ခေတ်အဆုံး ဒီနေ့အထိ တဦးတည်းသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်ခဲ့တဲ့လ၊ လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့တဲ့လ၊ ကနောင်မင်းသားကြီး ကံတော်ကုန်ခဲ့တဲ့လ၊ လူထုသတင်းစာ ထူထောင်သူ စာရေးဆရာကြီး လူထုဦးလှ ကွယ်လွန်ခဲ့တဲ့လ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားခဲ့ရာလနဲ့ ၈၈၈၈ အရေးတော်ပုံကြီးကြောင့် ပြိုလဲပျက်စီးသွားရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို စတင်ဖွဲ့ခဲ့တဲ့လလည်း ဖြစ်ပါတယ်။ အဲဒီ မဆလပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်းကပဲ ကျောင်းသား ၁၀၀ ကျော်ကို ဆဲဗင်းဂျူလိုင်အရေးအခင်းမှာ ပစ်သတ်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခဲ့တဲ့လလည်း ဖြစ်တယ်။
အခုတော့ ၀ါဆိုရဲ့ အဓိပ္ပယ်ကို အရင် ပြောပါမယ်။ မြန်မာ့ရုပ်စုံ အဘိဓာန်မှာတော့ ၀ါဆိုလကို အောက်ကအတိုင် ဖွဲ့နွဲ့ စီတန်း သီကုံး ဖော်ပြထားတာပါ။
“သာစွလေ၊ မှိုင်းဝေညိုမျှ
ကောင်းကင်၀၀ယ်၊
လနှင့်အာသဠ်၊ ပြည့်ဝရန်လျှက်၊
ယဉ်ထန်ရေရှုး၊ မိုးလေဦးနှင့်၊
ကြိုင်မြူးဧမြက်၊
ပုန်းညက်သရဖီ၊ ပွင့်ချင်းညီ၍၊
ရာသီလှည့်ပတ်၊ ကရကဋ်ဟု၊
နတ်လည်းစက်လို၊ လ၀ါဆို . . . “
(ဦးအောင်ကြီး)
ဝါဆိုလ
မြန်မာ ၁၂ လထဲမှာ စတုတ္ထလဖြစ်သော ၀ါဆိုလသည် မိုးဥတုတွင် ပါဝင်သည်။ ၀ါထပ်သည့် နှစ်များတွင် ၀ါဆိုလကို ၂ လပြုကာ ပဋ္ဌမ၀ါဆိုလ၊ ဒုတိယ၀ါဆိုလ ဟူ၍ ၀ါထပ်၏။
ဝါဆိုကို ပုဂံခေတ်ထိုး ကျောက်စာတို့၌ ( မ္လယ်တာ) မြွယ်တာ ဟူ၍ ရေးသားသည်။ တခါတရံ နွယ်တာ၊ နွေတာ ဟူ၍လည်း ရေးသားသည်။ ထို နွယ်တာ၊ နွေတာတို့၏ အနက်ကို ဝေါဟာရ လိနတ္ထဒီပနီတွင် နွေတာမှ ရွေ့လျားပြီး နွယ်တာ ဖြစ်လာကာ နွေသည် နွေဥတုရာသီကို ဟောသည်။ တာသည် ပါဠိဘာသာ အတီတ ပုဒ်ပျက်၊ အတိတ်ဟောသော်လည်းကောင်း၊ အန္တာပုဒ်ပျက် အဆုံးအဖျား ဟောသော်လည်းကောင်း ဖြစ်သည်။ ၀ါဆိုလပြည့်နေ့တွင် နွေဥတုရာသီ ကုန်ဆုံးသည့် အဆုံးအဖျား ဖြစ်လာသောကြောင့် နွေတာလဟု ခေါ်သည်။
“၀ါ-ဆို-သည်” ဟူသောစကား၌ “၀ါ” သည် ပါဠိဘာသာ နေခြင်းဟော ၀ါသပုဒ်ပျက်ဖြစ်သည်။ “၀ါဆို” ဟူသည်မှာ ရဟန်းတော်တို့သည် မိုး ၃ လအတွင်း အခြားတပါးသို့ အကြောင်းမဲ့ မသွားရပဲ မိမိတို့၏ ကျောင်းတွင်းမှာသာ နေခြင်း ဖြစ်လေသည်။ ရဟန်းတော်များ ၀ါဆိုသည်ကိုစွဲကာ ၀ါဆိုလဟု ခေါ်သည်။
ဝါဆိုလကို ဗေဒင်အခေါ်အားဖြင့် “ ကရကဋ် ” ရာသီခေါ်သည်။ ထိုရာသီတွင် ပြုပ္ပာသန်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နဲ့ နေမင်းတို့ ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ပုဇွန်လုံး ဖြစ်သည်။ ရာသီပန်းမှာ ပုန်းညှက်ပန်း၊ မြတ်လေးပန်းတို့ ဖြစ်သည်။
“ပျံ့မွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊ ပုန်းညှက်ရွှေလှော်၊ မွှေးပေါင်းဖျော်၍၊ တောင်တော်မြင့်ဖျား၊ မြင့်မိုခါးက၊ ပတ္တမြား ဗိမာန်၊ ပြုပ္ပာသန်နှင့်၊ ယုဂန္ဓိုရ်မှ၊ လှည့်လည်သွားသော်၊ နောက်ကမကွာ၊ ဗျိုင်းတာရာဝယ်၊ ညီညာခံသ၊ ရောင်ထွန်းပလျက်၊ ဖုသျှနက္ခတ်၊ ဖန်နေနတ်နှင့်၊ လှည့်ပတ်ညီစွာ၊ သွားသောခါတွင်၊ မမြင်ဘ၀ါး၊ အသုဉ်းညား၍၊ ပန်းများလှိုင်ကြူ၊ မဉ္ဇူရွှေခက်၊ ပုန်းညက်ကြိုင်သော် ” ဟူ၍ ဆယ့်နှစ်ရာသီဘွဲ့ လူးတား၌ ရေးစပ်ထား၏။
ဝါဆိုလတွင် ရှေးမြန်မာမင်းများ လက်ထက်က ပဉ္ဇင်းတော်ခံပွဲများလည်း ကျင်းပမြဲ ဖြစ်သည်။ ယင်းသို့ မြန်မာမင်းတို့ ပဉ္ဇင်းတော်ခံပွဲ ကျင်းပသည်ကို ရည်၍ ဦးအောင်ကြီးက အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ၀ါဆို လဘွဲ့တွင် - -
“သာစွလေ၊ မှိုင်းဝေညိုမျှ၊ကောင်းကင်၀၀ယ်၊ လနှင့်အာသဠ်၊ ပြည့်ဝရန်လျှက်၊ ယဉ်ထန်ရေရှုး၊ မိုးလေဦးနှင့်၊ ကြိုင်မြူးဧမြက်၊ ပုန်းညက်သရဖီ၊ ပွင့်ချင်းညီ၍၊ ရာသီလှည့်ပတ်၊ ကရကဋ်ဟု၊ နတ်လည်းစက်လို၊ လ၀ါဆိုကား၊ မြင့်မိုမာဃ၊ ဒေ၀ိန္ဒသို့၊ မင်းမျာ့သခင်၊ ဆင်စီရင်၍၊ ထမ်းစင်ယာဉ်သာ၊ ရွှေချက်ကာလျှက်၊ ရတနာပေါင်းဖျင်၊ စီရင်ခင်းကျင်း၊ သိကြားမင်းသို့၊ တင့်ခြင်းဆောင်ရွက်၊ စံစေလျှက်တည့်၊ ဘ၀ဂ်ထိန့်ကျော်၊ ပဉ္ဇင်းတော်ကို၊ ရွှေလှော်မွမ်းရုံ၊ ရွှေစည်းခုံဝယ်၊ သုံးဘုံဝဋ်မှ၊ လွတ်စေရသား၊ ဂေါတမမုနိ၊ သီရိကြိမ်ကြိမ်၊ မြတ်သည့်သိမ်သို့၊ ငြိမ်ဆိမ်လည်းဝင်၊ သိက္ခာတင်သည်၊ ပဉ္ဇင်းတော်မြတ်၊ ရဟန်းတည့်လေး” ဟူ၍ ဖွဲ့ဆိုခဲ့၏။
ရွှေဗျိုင်းတာရာ ထွန်းပသည့် ၀ါဆိုလတွင် နံနက်စက်နာရီ ၅ နာရီ ၂၉ မိနစ်တွင် နေထွက်၍ ညနေ စက်နာ ရီ ၆ နာရီ ၄၃ မိနစ်တွင် နေ၀င်သည်။ မြန်မာနာရီအားဖြင့် နေ့ ၃၆ နာရီ ရှိသည်။
ဝါဆိုလပြည့်နေ့
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ၀ါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူး နေ့မြတ် ဖြစ်သည်။ ထူးခြားပုံမှာ ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ ဆင်းသက်ကာ လူ့ပြည်တွင် ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေနဲ့ ရဟန်းဟူသော နမိတ်ကြီး ၄ ပါးကို နတ်များ ဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်ပြီးနောက် ဓမ္မစကြာ တရားဦးဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိသင်းတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သောကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာ ဒေသနာတော်ကို ပဉ္စ၀ဂ္ဂီ ၅ ဦးတို့အား ၀ါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
ရဟန်းတို့သည် ဤ၀ါဆိုလပြည့်နေ့တွင် ၀ါတွင်း ၃ လပတ်လုံး မိမိတို့ကျောင်းအရပ်အတွင်းမှ အရပ်တပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ၀ါဆို ၀ါကပ်မှုများကို ပြုကြသည်။ ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ၀ါတွင်း သုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျှက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်း ၃ လတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်း ဖြစ်လျှက် ၈ ရက် လပြည့် လကွယ်နေ့ များတွင် သီတင်းသီလ ဆောက်တည်၍ သူတော်ကောင်းတရားများ ပွားများ အားထုတ်ကြခြင်း၊ ကုသိုလ်ဒါနများ ပြုလုပ်ကြခြင်းဖြင့် ၀ါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ ၃ လ ပတ်လုံး ဒါန၊ သီလနဲ့ ဘာဝနာ အစရှိသော သူတော်ကောင်း တရားများကို ငြိမ်သက်စွာ အားထုတ်ရန် အစ ပြုသော ၀ါဆိုလပြည့်တွင် လူတို့သည် ၀ါကပ်ခြင်း ပြုကြကုန်သော ရဟန်းသံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ၀ါဆိုဝါကပ် အစွဲပြု၍ ၀ါဆိုပန်း၊ ၀ါဆိုဖယောင်းတိုင်စသည့် ဝေါဟာရများ ပေါ်လာသည်။
ရှေးဘုရင်များ လက်ထက်တော်က ၁ လလျှင် ပွဲတော်တမျိုးကျ ကျင်းပလေ့ရှိရာ ဤ၀ါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ်သည်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ၀င်ခွင့်ရှိ၍ ၀င်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနားနဲ့ သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်များကိုယ်တိုင် အလေးအမြတ် ပြုလျှက် ကျင်းပသော ပွဲတော် ဖြစ်လေသည်။
ဝါထပ်ခြင်း
တိုင်းပြည်များ၊ လူမျိုးများသည် ပြက္ခဒိန်ပြုလုပ်ရေး၌ နေ (သူရိယ)နဲ့ လ (စန္ဒာရ) သဘာဝများကို အခြေပြုကြသည်။ ထို့ကြောင့် ပြက္ခဒိန်များ၏ နှစ်အပိုင်းအခြားသည် မူအားဖြင့် တူကြ၏။ ကမ္ဘာသည် နေကို ဗဟိုပြုလျက် လှည့်နေရာ ၁ ပတ်ပြည့်ချိန်၌ နှစ်ဟူ၍ အညီအညွတ် သတ်မှတ်ကြသော်လည်း နှစ်ဆန်းတရက်များသည် လူမျိုးတမျိုးနဲ့ တမျိုး မတူကြချေ။ အနောက်နိုင်ငံများ၏ နှစ်ဆန်းရက်သည် ဇန္န၀ါရီ ၁ ရက်နေ့၊ အိန္ဒိယတို့၏ နှစ်ဆန်းသည် မတ် ၂၂ ရက် ဖြစ်သည်။ မြန်မာ့ နှစ်ဆန်းရက်သည် သင်္ကြန်အတာတက်ချိန် ဖြစ်သည်။ မြန်မာနှစ်ဆန်း ၁ ရက်သည် ဧပြီ ၁၆ ရက် သို့မဟုတ် ၁၇ ရက်နေ့နှင့် တိုက်ဆိုင်လျှက်ရှိ၏။ မြန်မာပြက္ခဒိန်သုံးသော နှစ်အပိုင်းအခြားသည် သူရိယသိဒ္ဓန္တကျမ်းမှ ရသောကိန်းဖြစ်၍ အနောက်နိုင်ငံသုံး ပြက္ခဒိန်နှစ် အပိုင်းအခြားနဲ့ အချိန်အနည်းငယ် ကွာဟမှုကြောင့် မြန်မာနှစ်ဆန်းတရက်သည် အနောက်သုံးပြက္ခဒိန်တွင် ရက်များအနည်းငယ် ရွေ့လျှက်ရှိသည်။ အနောက်နိုင်ငံသုံး ဂျူလီယန် ပြက္ခဒိန်သည် နေသွားနှစ်ကို ၁၂ လ ပိုင်းခြားထားသော ပြက္ခဒိန် ဖြစ်သောကြောင့် ရာသီပြက္ခဒိန် ဖြစ်၍ လထပ်ပြသနာများ မပေါ်ချေ။ မြန်မာပြက္ခဒိန်ကား နေသွားနဲ့ လသွားကို အမှီပြုသဖြင့် လထပ်ပြသနာများ အစဉ်ဖြစ်ပေါ်နေသည်။ သူရိယသိဒ္ဓန္တကျမ်းစသော ဗေဒင်တွက်ကိန်းကျမ်းများကို လေ့လာသော ပညာရှိများသာ မြန်မာပြက္ခဒိန်ကို တွက်နိုင်ကြပေသည်။ မြန်မာပြက္ခဒိန်သည် အောက်တွင် ဖော်ပြသော နှစ် ၃ မျိုးကို အခြေခံထား၍ တွက်ရသည်။
(၁) သူရိယမာသနှစ်
(၂) စန္ဒရမာသနှစ်
(၃) ဝေါဟာရာမာသနှစ်
(၁) သူရိယမာသနှစ်သည် နေသွား ၁ နှစ်ပြည့်သောအချိန် သင်္ကြန်တက် တကြိမ်မှာ နောက်ထပ် တကြိမ်တက်အထိ ရက်ပေါင်း ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ရှိသည်။ (သူရိယသိဒ္ဓန္တကျမ်းမှ)
(၂) စန္ဒရမာသနှစ်သည် ကောင်းကင်မျက်မြင်အရ လဆန်းချိန်မှ နောက်လဆန်းချိန် (၀ါ) ၁ လပြည့်ချိန် ၁ ကြိမ် ၁ ကြိမ်လျှင် ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၃ စက္ကန့်ခန့်ရှိသော မျက်မြင် လပေါင်း ၁၂ လတွင် ရက်ပေါင်း ၃၅၄ ရက် ၈ နာရီ ၄၈ မိနစ် ၃၄ စက္ကန့်ရှိ၏။ (သူရိယသိဒ္ဓန္တကျမ်းမှ)
(၃) ဝေါဟာရမာသနှစ်သည် ဗေဒင်ပညာရှိများ ပြက္ခဒိန်ဝေါဟာရနှစ်ဖြစ်၏။ ကောင်းကင်မျက်မြင်အရ စန္ဒရမာသ တလလျှင် အကြမ်းအားဖြင့် ၂၉ နှစ်ပိုင်းတပိုင်း ဖြစ်၍ ဝေါဟာရပြက္ခဒိန်၌ ပထမတန်ခူးလတွင် ရက်ပေါင်း ၂၉ ရက် သတ်မှတ်လျှက် ဒုတိယ ကဆုန်တွင် ရက် ၃၀ စသဖြင့် အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း လ ၁၂ လ ရှိ၍ ၃၅၄ ရက် ရှိသောနှစ်ကို ဝေါဟာရမာသနှစ်ဟုခေါ်၏။
၁။ တန်ခူးလ ၂၉ ရက်
၂။ ကဆုန်လ ၃၀ ရက်
၃။ နယုန်လ ၂၉ ရက်
၎။ ၀ါဆိုလ ၃၀ ရက်
၅။ ၀ါခေါင်လ ၂၉ ရက်
၆။ တော်သလင်းလ ၃၀ ရက်
၇။ သီတင်းကျွတ်လ ၂၉ ရက်
၈။ တန်ဆောင်မုန်းလ ၃၀ ရက်
၉။ နတ်တော်လ ၂၉ ရက်
၁၀။ ပြာသိုလ ၃၀ ရက်
၁၁။ တပို့တွဲလ ၂၉ ရက်
၁၂။ တပေါင်းလ ၃၀ ရက်
အထက်ပါ ဝေါဟာရမာသနှစ်မှာလည်း ၂ မျိုး ရှိသေး၏။
(က) သာမန်နှစ်၊ လပေါင်း ၁၂ လနဲ့ ရက်ပေါင်း ၃၅၄ ရက်။
(ခ) ၀ါထပ်နှစ်- လပေါင်း ၁၃ လဖြင့် ရက်ပေါင်း ၃၈၄ ရက်။
ဝါထပ်နှစ်၏ ပြက္ခဒိန်တွင် ၀ါဆိုလကို ၂ လ ထပ်ခြင်းဖြင့် ပထမ၀ါဆို၊ ဒုတိယ၀ါဆိုဟူ၍ ရက်ပေါင်း ၃၀ တိုးလာ ခြင်းကြောင့် ၀ါထပ်နှစ်တွင် လပေါင်း ၁၃ လ ဖြစ်၍ ရက်ပေါင်း ၃၈၄ ရက် ဖြစ်၏။
၁။ တန်ခူးလ ၂၉ ရက်
၂။ ကဆုန်လ ၃၀ ရက်
၃။ နယုန်လ ၂၉ ရက်
၎။ ပထမ၀ါဆိုလ ၃၀ ရက်
၅။ ဒုတိယ၀ါဆိုလ ၃၀ ရက်
၆။ ၀ါခေါင်လ ၂၉ ရက်
၇။ တော်သလင်းလ ၃၀ ရက်
၈။ သီတင်းကျွတ်လ ၂၉ ရက်
၉။ တန်ဆောင်မုန်းလ ၃၀ ရက်
၁၀။ နတ်တော်လ ၂၉ ရက်
၁၁။ ပြာသိုလ ၃၀ ရက်
၁၂။ တပို့တွဲလ ၂၉ ရက်
၁၃။ တပေါင်းလ ၃၀ ရက်
တဖန် ဝေါဟာရ ၀ါထပ်နှစ်၌လည်း ၀ါငယ်ထပ်နှစ်နဲ့ ၀ါကြီးထပ်နှစ်၊ သို့မဟုတ် ၀ါထပ်ရက်ငင်နှစ် ဟူ၍ ခွဲခြား သတ်မှတ်ထား၏။ ၀ါငယ်ထပ်နှစ်သည် ၁၃ လ ရှိ၏။ ၀ါကြီးထပ်နှစ်မှာ ၁၃ လပင်ရှိသော်လည်း ရက်ပေါင်း ၃၈၅ ရက်ရှိ၏။ ၁ ရက်ပိုသည်။ ဗေဒင်စကားဖြင့် ရက်ငင်ဟုခေါ်သည်။ ထိုရက်ငင်တရက်မှာ နယုန်လတွင် ထည့်၍ ၀ါကြီးထပ်နှစ်တွင် ရက်ပေါင်း ၃၀ ရှိ၏။ သူရိယသိဒ္ဓန္တကျမ်းမှအရ မြန်မာပြက္ခဒိန်ပြုရာ၌ အခြေပြုသော နှစ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။ (အချို့ဆရာများသည် သံဒိဋ္ဌမူမှ တွက်သဖြင့် အနည်းငယ်ကွာ၏။)
(၁) သူရိယမာသနှစ် - ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် (သဘာဝ)
(၂) စန္ဒရမာသနှစ် - ၃၅၄ ရက် ၈ နာရီ ၄၈ မိနစ် ၃၄ စက္ကန့် (သဘာဝ)
(၃) ဝေါဟာရမာသနှစ် - ၃၅၄ ရက်တိတိ (စီစဉ်ရေးဆွဲသောပြက္ခဒိန်နှစ်)
အထက်ပါ နှစ် ၃ မျိုးတို့၏အချုပ်သည် သူရိယမာသနှစ်ပင် ဖြစ်သည်။ ယင်းနှစ်တွင် စန္ဒရမာသနှစ်နဲ့ ကိုက်ညီိနိုင်သမျှ ကိုက်ညီစေရန် ဝေါဟာရပြက္ခဒိန်ကို စီစဉ်ရ၏။ ဖေါ်ပြခဲ့သည့်အတိုင်း စန္ဒရမာသ ၁ လလျှင် ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၃ စက္ကန့် ရှိ၍ ဝေါဟာရလများသည် ၂၉ ရက် ၁ လနဲ့ ၃၀ ရက် ၁ လစီ၊ ၆ လစီ ဝေထားသဖြင့် ဝေါဟာရလပြည့်၊ လကွယ်သည် မျက်မြင်သဘာဝ စန္ဒရမာသ လပြည့်လကွယ်များနဲ့ ၂ လလျှင် တကြိမ်သာ ညီညွတ်ပေမည်။ သို့ပါ၍ ပြက္ခဒိန် ဝေါဟာရမာသ ၁၂ လတွင် ၆ လ သာလျှင် လပြည့်လကွယ် ညီညွတ်ကာ အလွန်မှန်ကန်သော ပြက္ခဒိန်ဟု ဆိုရမည်။
အထက် ဖော်ပြခဲ့ပြီးသော နှစ် ၃ မျိုး၏ ရက်နာရီများကို နှိုင်းယှဉ်လျှင် သူရိယမာသ ၁ နှစ်ကာလ ကုန်ဆုံးသည့် အခါတွင် စန္ဒရမာသနှစ်ဖြင့် ၁၂ လပြည့်ပြီးသည့်အပြင် ၁၀ ရက် ၂၁ နာရီ ၂၄ မိနစ် ၃ စက္ကန့် ပိုလျှံလျှက် ရှိ၏။ ဝေါဟာရမာသနှစ်ဖြင့်လည်း သူရိယမာသနှစ် ၁ နှစ်မြောက်တွင် ၁၁ ရက် ၆ နာရီ ၁၂ မိနစ် ၃၃ စက္ကန့်် ပိုလျှက်ရှိ၏။ ဤကဲ့သို့ ပိုလျှက်ရှိသော နာရီပိုင်းများသည် သူရိယမာသနှစ်၏ ရက်ပေါင်း ၉၉၀ ရက် ၇ နာရီ ၄၅ မိနစ် ၃၇ စက္ကန့် ကျရောက်သည့် ကာလတွင် သဘာဝအားဖြင့် ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၃ စက္ကန့်ရှိသော စန္ဒရမာသ ၁ လပိုလာ၏။ ထိုပိုလျှံသောနှစ်တွင် ၁၃ လ ဖြစ်လာရ၏။ ဥပမာ သူရိယမာသတနှစ်တွင် အထက်ဖော်ပြပါ စန္ဒရမာသ ရက်နာရီ စသည်များ ပိုလျှင် သူရိယမာသ ၃ နှစ်တွင် စန္ဒရမာသ ရက်ပို ၃၁ ရက် ၄ နာရီ ၁၂ မိနစ် ၉ စက္ကန့်ဖြစ်၍ စန္ဒရမာသ ၁ လပြည့်ခဲ့လျှင် သူရိယမာသနှစ် ၃ နှစ်နီးပါးတွင် (၀ါ) ၃၃ လတွင် စန္ဒရမာသ ၁ လတိုးခြင်းသည် လထပ်ခြင်းမည်၏။ သူရိယသိဒ္ဓန္တကျမ်းမှ ကိန်းများအရ ရက်ပေါင်း ၉၉၀ ရက် ၇ နာရီ ၄၅ မိနစ် ၃၇ စက္ကန့်အချိန်တွင် စန္ဒရမာသ ၁ လလွန်၍ အဓိမာသ တကြိမ်ပြိုသည် မည်၏။ သို့အတွက် ဝေါဟာရမာသနှစ်၌လည်း ရက်ပေါင်း ၃၀ ရှိသောလ ၁ လတိုးရသည်။ ယင်းကဲ့သို့တိုးခြင်းသည် လထပ်ခြင်းမည်၏။ သို့သော် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများအတွက်မှာကား ၀ါဆိုလတွင်သာ လထပ်ခြင်း ပြုရသော ဥပဒေကြောင့် ၀ါထပ်ခြင်းဟု ခေါ်ဝေါ်ကြ၏။
ဆိုခဲ့ပြီးသည့်အတိုင်း သဘာဝအရ စန္ဒရမာသ ၁ လတိုးခြင်းကို ညီညွတ်အောင် ဝေါဟာရမာသ ၁ လတိုးခြင်းဖြင့် ပြုပြင်ပေးရလိမ့်မည်။ အဘယ်သို့ ပြုပြင်ရနည်းဟူကား သဘာဝနှင့် တသွေမသိမ်း လိုက်နာရမည် ဆိုလျှင် အဓိမာသ ပြိုသည်နဲ့ တပြိုင်နက် ၁ လတိုး၍ ယင်းလကို ၂ လပြုရပေမည်။ ဥပမာ။ ။ သက္ကရာဇ်တခု၍ နတ်တော်လတွင် အဓိမာသပြို၏ ထိုပြိုသော နတ်တော်လဟူသည် စန္ဒရမာသ၏ အမည်သာ ဖြစ်၍ သူရိယမာသနဲ့ မညီညွတ်သဖြင့် ညီညွတ်အောင် နတ်တော်လတွင် ၁ လ ထပ်တိုးရပေမည်။ ထိုသို့ ထပ်တိုးလကို ပြာသိုလဟု အစဉ်အလာ ခေါ်ရန်ရှိသော်လည်း လထပ်ခြင်းအတွက် ဒုတိယ နတ်တော်လဟုပင် ခေါ်ရမည်။ ဤတွင် နောက်ကျနေသော သူရိယမာသနဲ့ ညီညွတ်ပြီ ဖြစ်၍ ရှေ့သို့ ပြာသိုလနဲ့ တပို့တွဲလ စသဖြင့် ဆက်လက်၍ ခေါ်ဝေါ်သွားရမည်။
ဤသို့ ပြုပြင်ခြင်းဖြင့် သဘာဝအရ ဖြစ်သင့်သော်လည်း မြန်မာနိုင်ငံမှာကား အယူဝါဒ ဓလေ့ထုံးစံများ ရှိနေသောကြောင့် ဤစနစ်ကို မလိုက်နိုင်ချေ။ မည်သည့်လတွင် အဓိမာသပြိုသည်ဖြစ်စေ ဗုဒ္ဓအယူဝါဒ ထုံးစံအရ ၀ါဆိုလ ကျရောက်မှ ပထမ၀ါဆို၊ ဒုတိယ၀ါဆို ဟူ၍ ၂ လ ထပ်ရိုး ရှိလေသည်။ ဓည၀တီ ရခိုင်ပြည်မှာကား ဒွေစိတြ ဆို၍ တန်ခူး ၂ လ ထပ်ရိုးပြုကြ၏။ ဟိန္ဒူ ပြက္ခဒိန်မှာကား ဒွေဝိသာခါ ဆို၍ ကဆုန် ၂ လ ထပ်ကြ၏။
အဓိမာသ ပြို၍ လထပ်ကြုံသောအခါ ၀ါဆို ၂ လသာ ထပ်ရမည်ဖြစ်သောကြောင့် အဓိမာသ၏ အနီးအဝေးကို ချင့်ချိန်ရသဖြင့် ၀ါထပ်ရန် စည်းကမ်းများနဲ့ ၀ါဒ အမျိုးမျိုး ကွဲပြားလျှက်ရှိ၏။ လထပ်နည်း၏ စည်းကမ်း တခုမှာ မိဿ ၊ ပြိဿ ၊ မေထုန်၊ ကရကဋ်၊ ဤ ၄ ရာသီသို့ တနင်္ဂနွေဂြိုလ် ရောက်စဉ် အဓိမာသပြိုလျှင် ဝေါဟာရ တန်ခူး၊ ကဆုန်၊ နယုန်နဲ့ ၀ါဆိုအတွင်း ဖြစ်သောကြောင့် ဒုတိယ၀ါဆို ၁ လတိုးရန် အချိန်သင့် ပင် ဖြစ်၏။ အဓိမာသပြိုချိန်နဲ့လည်းနီး၏။ သိလ်၊ ကန်၊ တူ စသော ကျန် ၈ ရာသီသို့ တနင်္ဂနွေဂြိုလ် ရောက်မှ အဓိမာသပြိုလျှင် ဝေါဟာရ ၀ါခေါင်၊ တော်သလင်းနဲ့ သီတင်းကျွတ် စသော ၈ လအတွင်း ဖြစ်သောကြောင့် ဒုတိယ၀ါဆိုလ တိုးရန် မဖြစ်နှိုင်တော့ချေ။ ထို့ကြောင့် အဓိမာသပြိုသောနှစ်တွင်ပင် လမထပ်ပဲ ရှေ့လာမယ့် နှစ်ရောက်မှ လထပ်ရ၏။ ဤအတိုင်း လိုက်နာလျှင် များသောအားဖြင့် ကဆုန်လ၌ သင်္ကြန်ကျ၏။ ထို့ကြောင့် ကိန်းသေနည်းမဖြစ်။ အချို့ဝါဒမှာ ရက်လွန်ကို ကြည့်၍ ၀ါထပ်သင့် မထပ်သင့် ဆုံးဖြတ်ကြ၏။ သက္ကရာဇ် ၁၃၁၇ မတိုင်မီ နှစ်များတွင် ရက်လွန် ၂၅ ဖြစ်သော်လည်း ၀ါမထပ်ခဲ့ချေ။ ၁၂၅၂၊ ၁၂၇၁၊ ၁၂၉၀၊ ၁၃၀၉ ခုနှစ်များတွင် ရက်လွန် ၂၆ ၊ ၂၇ ရှိ၍ ၀ါထပ်နှစ် ပြုလုပ်ကြ၏။ သို့သော် ၁၃၁၇ ခုနှစ်တွင် ရက်လွန် ၂၃ ရက်ဖြင့် တင်ကြို၍ ၀ါထပ်ခဲ့သောကြောင့် ကဆုန်လ သင်္ကြန်ကင်းသည့်အပြင် ကဆုန်လပြည့် ဗုဒ္ဓနေ့သည်လည်း မေလနဲ့ ကြုံခဲ့ပြီး လျှင် ကမ္ဘာ့ဗုဒ္ဓနေ့နဲ့ ကိုက်ညီခဲ့၏။ သက္ကရာဇ် ၁၃၁၇ ခုနှစ် မတိုင်မီ အခါက ဤသို့ မကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာပြက္ခဒိန်တွင် ၃ နှစ် ၁ ကြိမ်၊ ၂ နှစ်တကြိမ် ကဆုန်လတွင် သင်္ကြန်တက်သည်မှာ အလွန် အရုပ်ဆိုးသည်။ သင်္ကြန်တက်ရက်သည် မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ဖြစ်၍ နှစ်ဦး တန်ခူးလတွင်သာ ကျသင့်၏။ ကဆုန်လတွင် မကျထိုက်ချေ။ ကဆုန်လ သင်္ကြန်ကင်းသော လထပ်နည်းသာ ညောင်ကန်ဆရာတော်ဘုရားကြီးအလိုဖြစ်သည်။ ထိုအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့မှ ခေတ်မီ ပြက္ခဒိန် ရေးဆွဲရန် နှစ်ပေါင်း ၅၀ ကျော် ပြက္ခဒိန် ၀ါဒအမျိုးမျိုးဖြင့် လက်တွေ့စမ်းသပ် ရေးဆွဲခဲ့ရာတွင် ရက်လွန် ၂၃ ဖြင့် တင်ကြို၍ ၀ါထပ်ခြင်းသည် အလွန် သင့်လျော်သော မူဖြစ်ကြောင်း အဆုံးအဖြတ် ပြုလုပ်ကြ၏။
(ဦးအုန်းကြိုင်)
ဖတ်ပြီးခဲ့ကြရတာက ၀ါဆိုလရဲ့ အဓိပ္ပာယ်နဲ့ ၀ါထပ်ရတဲ့သဘောသဘာဝ ရှင်းလင်းချက်တွေပါ။ ၀ါဆိုလရဲ့ ထူးခြားချက်တွေကို ဆက်ပါမယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးပါတယ်။
ဝါဆိုလဖွား အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနှစ် ၁၃၀၇ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၁၀ ရက်၊ ခရစ်နှစ် ၁၉၄၅ ခုနှစ် ဇွန် ၁၉ ရက်မှာ ဖွားမြင်ခဲ့တယ်။ ၂ နှစ်သမီးအရွယ်မှာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ မှာ ဖခင် ဗိုလ်ချုပ်လုပ်ကြံခံရတယ်။ နောက်ပိုင်း သံအမတ် မိခင် ဒေါ်ခင်ကြည်နဲ့ လိုက်နေရင်း အိန္ဒိယပြည် လေဒီရှရီယန်ကျောင်းနဲ့ ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာတွေ ရခဲ့တယ်။ ၈၈၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံကြီးမှာ စတင်ပြီး လူထုကို ဦးဆောင်နေခဲ့တာ အခုအထိပါ။ လတ်တလော လူထုကို တောင်းဆိုထားတာကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကို မဲထည့်ဖို့။
မဆလ - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်နေ့
မြန်မာသက္ကရာဇ် ၁၃၂၄ ခုနှစ် ၀ါဆိုလဆန်း ၃ ရက် ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၁၉၆၂ ခု ဇူလိုင် ၄ ရက်နေ့ဟာ ၈၈၈၈ မှာ ဇာတ်သိမ်းသွားရတဲ့ (မဆလ) ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်ထူထောင်တဲ့နေ့ပါ။ ၁၉၆၂ ခုနှစ် မတ် ၂ ရက် ဗိုလ်ချုပ်နေ၀င်း စစ်တပ် အာဏာသိမ်းပြီးနောက် ဇူလိုင် ၄ ရက်နေ့ ၀ါဆိုလဆန်း ၃ ရက်မှာ မဆလကို ဖွဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၈ ရက်မှာ မဆလကို ဖျက်သိမ်းလိုက်ပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် သွေးမြေကျ အရေးအခင်းနေ့
ခရစ်နှစ် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၂၄ ခုနှစ်၊ ၀ါဆိုလဆန်း ၆ ရက် စနေနေ့မှာ မဆလစစ်တပ်က ရန်ကုန်တက္ကသိုလ်အတွင်း ဆန္ဒပြနေကြတဲ့ တကသ ကျောင်းသား ၁၀၀ ကျော်ကို ပစ်သတ်ခဲ့တယ်။ ဒီသတ်ဖြတ်ပွဲမှာ မဆလပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ် အောင်ကြီးနဲ့ တခြားဗိုလ်ချုပ်တွေက စီမံခဲ့ပြီး နောက်တနေ့ ဇူလိုင် ၈ ရက်၊ မြန်မာသက္ကရာဇ် ၁၃၂၄ ခု၊ ၀ါဆိုလဆန်း ၇ ရက်၊ တနင်္ဂနွေနေ့ မနက်စောစောမှာ လွတ်လပ်ရေးသမိုင်းဝင် အဖိုးတန် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို လည်း ဒိုင်းနမိုက်နဲ့ ဖြိုခဲ့တဲ့လ ဖြစ်တယ်။
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မြန်မာသက္ကရာဇ် ၁၃၃၈ ခုနှစ်၊ ၀ါဆိုလဆန်း ၁ ရက်၊ စနေနေ့၊ ခရစ်နှစ် ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်မှာ အင်းစိန်ထောင်အတွင်း မဆလအစိုးရက ကြိုးပေး သတ်ဖြတ်ခဲ့တာပါ။ ၁၉၇၄ ဒီဇင်ဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ဈာပန အရေးတော်ပုံ မှာ ဦးဆောင်ခဲ့အပြီး ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံအတွက် ပြင်ဆင်နေချိန် ဆလိုင်းတင်မောင်ဦးကို ဖမ်းမိသွားခဲ့ပါတယ်။ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး ၁၃၃၈ ခုနှစ်၊ ၀ါဆိုလဆန်း ၁ ရက်နေ့မှာ ကြိုးပေးလိုက်တာပါ။ ခရစ်ယာန်ဘာသာဝင် အရှိုချင်းအမျိုးသားတဦးဖြစ်သူ ဆလိုင်းတင်မောင်ဦးကို ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာ အဖ ဦးလှဒင်နဲ့ အမိ ဒေါ်နှင်းမြိုင်တို့က ပဲခူးတိုင်း တောင်ငူမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၇၄ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် သတ္တဗေဒ ကျောင်းသား ဖြစ်ပါတယ်။
လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့တဲ့လ
လယ်တီဆရာတော်ဘုရားကြီးဟာ သက်တော် ၇၈ နှစ်အရွယ် ၀ါတော် ၅၈ ၀ါအရ မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်၊ ပထမ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့မှာ ပဲခူးတိုင်း၊ ပျဉ်းမနားမြို့ လယ်တီစံကျောင်းမှာ ပျံလွန်တော်မူခဲ့ပါတယ်။
လယ်တီဆရာတော် အရှင်ဉာဏဓဇကို ၁၂၀၈ နတ်တော်လဆန်း ၁၃ ရက်ဖွားမြင်ခဲ့ပါတယ်။ လယ်တီ ဆရာတော်ကြီး ဦးဉာဏဓဇဟာ ဒီပနီ ကျမ်းပေါင်းများစွာ ပြုစုပြီး (အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်နဲ D.Litt စာပေပါရဂူဘွဲ့) ရခဲ့တယ်။ သာသနာပြုခဲ့ပြီး စေတီနဲ့ သိမ်ကျောင်းတွေ၊ သာသနိက အဆောက်အဦးတွေ တည်ထား ဆောက်လုပ်တော်မူခဲ့ပါတယ်။ အခု လက်ပံတောင်းတောင် စီမံကိန်းမှာ လယ်တီဆရာတော်ကြီးရဲ့ သာသနိက အဆောက်အဦတွေ ဖျက်ပစ်ခံခဲ့ရပါတယ်။
ကနောင်မင်းသားကြီး ကံတော်ကုန်ခဲ့တဲ့လ
မြန်မာပြည်ကို စက်မှုထွန်းကားစေချင်သူ အိမ်ရှေ့စံ ကနောင်မင်းသားကြီးဟာ မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်၊ ဒုတိယ ၀ါဆိုလပြည့်ကျော် ၇ ရက်၊ ခရစ်နှစ် ၁၈၆၆ ခုနှစ် ဇွန် ၁၈ ရက်မှာ ကံတော်ကုန် သေဆုံးခဲ့ပါတယ်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို ၁၁၁၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက် တနင်္ဂနွေနေ့မှာ မွေးဖွား ခဲ့တယ်။ ကနောင်မင်းသားကြီး လုပ်ကြံမခံခဲ့ရပဲ အသက်ရှည်သွားမယ်ဆိုရင် မြန်မာ့သမိုင်း တမျိုးဖြစ်သွား နိုင်တယ်။ ကုန်းဘောင်မင်းဆက် မန္တလေးရတနာပုံ နေပြည်တော်တည်ထားသူ မင်းတုန်းမင်းဟာ ကနောင်မင်းသားကြီးရဲ့ နောင်တော် ဖြစ်တယ်။ ကနောင်မင်းသားကြီးဟာ နိုင်ငံအုပ်ချုပ်ရေးကို နောင်တော် မင်းတုန်းဘုရင်နဲ့ လက်တွဲ တာဝန်ယူ အုပ်ချုပ်ခဲ့တာပါ။ ကနောင်မင်းသားဟာ သိပ္ပံပညာကို အနောက်နိုင်ငံတွေက ပညာရှင်တွေ ခေါ်ယူပြီး လေ့လာခဲ့သူ၊ နန်းတွင်းလူငယ်တွေကို အိန္ဒိယ၊ အီတလီ၊ ပြင်သစ်နဲ့ ဂျာမနီတို့အထိ ပညာတော်သင် စေလွှတ်သူ၊ လက်နက်စက်ရုံတွေ ထူထောင်သူ၊ အမြဲတမ်း စစ်တပ် ဖွဲ့ဖို့ စီစဉ်ခဲ့သူ ဖြစ်တာပါ။ ဒါကြောင့် ကနောင်မင်းသားကြီး လုပ်ကြံခံရတာဟာ ခေတ်မီနိုင်ငံ ထူထောင်ဖို့ စတင်နေတဲ့ မြန်မာအတွက် ဆုံးရှုံးမှုပါ။
လူထုသတင်းစာ ထူထောင်သူ ဦးလှ ကွယ်လွန်ခဲ့တဲ့လ
လူထုဦးလှဟာ မြန်မာသက္ကရာဇ် ၁၃၄၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည်ကျော် ၃ ရက် မန္တလေးမြို့မှာ ကွယ်လွန်ပါတယ်။ သူ့ကို ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာမှာ ဦးပု၊ ဒေါ်ခိုင်တို့က ၁၉၁၀ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့မှာ မွေးခဲ့တာဖြစ်တယ်။ လူထုဂျာနယ် ၁၅ ရက် ၁ ကြိမ်ထုတ်ကို ၁၉၄၅ ခုနှစ်မှာ သူဦးစီးထုတ်တယ်။ လူထု သတင်းစာကိုတော့ ၁၉ ဧပြီ ၁၉၄၆ စထုတ်တယ်။ ၁၉၅၁-၁၉၅၂ လူထုဂျာနယ်နဲ့ သတင်းစာကို ပူးတွဲထုတ်ခဲ့တယ်။ ၇ ဇူလိုင် ၁၉၆၇ ခုနှစ် လူထုသတင်းစာ ရပ်သွားပြီး လုံးချင်းစာအုပ်တွေ ရေးတဲ့အခါ ထောင်နှင့်လူသား (၁၉၅၇)၊ လှောင်ချိုင့်ထဲမှ ငှက်ငယ်များ(၁၉၅၈)၊ အားလုံး ကောင်းကြရဲ့လား (၁၉၅၉)၊ စစ်၊ အချစ်နှင့်ထောင် (၁၉၆၀)၊ စစ်ပြီးစကထောင်တံခါး(၁၉၆၈) ထောင်စာအုပ်တွေဟာ ထင်ရှားတယ်။ ‘ထောင်နှင့်လူသား’ စာအုပ်နဲ့ ၁၉၅၇ စာပေဗိမာန် စာပဒေသာဆု၊ ‘လှောင်ချိုင့်တွင်းမှ ငှက်ကလေးများ’ ၁၉၅၈ ခုနှစ် ယူနက်စကို စီးပွားရေး လူမှုရေးဆိုင်ရာဆုတွေ ရရှိခဲ့တယ်။ ၁၃၄၄ ခုနှစ် ဒုတိယ၀ါဆိုလပြည်ကျော် ၃ ရက်မနက် ၁၉၈၂ ခု သြဂုတ်လ ၇ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ် မန္တလေးမှာ ကွယ်လွန်ခဲ့ပါတယ်။
“၀ါဆိုလ” ဆောင်းပါး အဆုံးသတ်နေချိန်မှာ“
ပုန်းညှက်တို့ ရောက်ရှိကြောင်းကို ကျေငြာကာ ငွေမှုန်ငွေစတွေ ရွာတော့ကွယ် ၀ါဆိုရယ် သိပ်သတိရမိတယ်။” ဆိုတဲ့ (တေးရေး- နိုင်မြန်မာ) ရဲ့သီချင်းတစ ကြားနေသလို အပြင်မှာလည်း ၀ါဆိုသင်္ကေတအဖြစ် တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှောင်ရီခြယ် မိုးခြိမ်းသံ သဲ့သဲ့ကြားနေရပြီကော ၀ါဆိုရယ်။ ။