ဗြိတိန် ဘုရင်မ နာဇီပုံစံ အလေးပြုသည့် ဗွီဒီယိုဖိုင်ထုတ်ပြန်မှု စိတ်ပျက်ဟု ဘာမင်ဟန်တုံ့ပြန်
DVB
·
July 18, 2015
၁၉၃၃ ခုနှစ် ဗြိတိန် ဘုရင်မ အဲလိဇဘက် ငယ်ရွယ်စဉ်က နာဇီပုံစံအလေးပြုနေတဲ့ ဗွီဒီယိုဖိုင် ထုတ်ပြန်မှုကို စိတ်ပျက်မိတယ်လို့ ဘာမင်ဟန်နန်းတော်က ထုတ်ပြန်ပါတယ်။
ဗြိတိန်က သည်ဆန်မ်း သတင်းစာက အက်ဝပ် VIII က ဘုရင်မကို နာဇီအလေးပြုနည်း သင်ပေးဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ၁၇ စက္ကန့်ကြာ အဖြူအမည်း ဗွီဒီယိုမှာ မိခင်၊ ဦးလေး၊ ညီမနဲ့ အသက် ၇ နှစ် ဘုရင်မတို့ ပါဝင်နေပါတယ်။
နာဇီတွေ အလေးပြုတဲ့ ပုံစံနဲ့ ဘုရင်မရဲ့ မိခင်က လက်မြှောက်ထားတာကို ဘုရင်မက လိုက်လံတုပထားတာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်ဟာ ၁၉၃၃ သို့ ၁၉၃၄ ခုနှစ် ဂျာမနီမှာ ဟစ်တလာ လွှမ်းမိုးမှုအားကောင်းလာတဲ့ အချိန်မှာ ရိုက်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ရိုက်ထားရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဘာမင်ကန်နန်းတော်ကတော့ အရင် ဆယ်စုနှစ် ၈ ခုလောက်က ရိုက်ယူခဲ့တဲ့ ဗွီဒီယိုဖိုင်ကို စိတ်ပျက်မိသလို ရုပ်သံဖိုင်ကို ရရှိပြီး အကျိုးအမြတ်ထုတ်ခံရတယ်လို့ ဆိုပါတယ်။
သည်ဆန်မ်းကတော့ ဗွီဒီယိုဖိုင် ရရှိတဲ့အကြောင်းကို ပြောဖို့ ငြင်းဆန်ခဲ့သလို ဒါဟာ အရေးကြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းလို့ ဆိုပါတယ်။