၇ ဇူလိုင်၊ ၁၉ ဇူလိုင် အထိမ်းအမှတ်ဆောင်းပါး
DVB
·
July 7, 2015
၇ ဇူလိုင်၊ ၁၉ ဇူလိုင် အာဇာနည်မျိုး သေရိုးမရှိ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ ၆၈ နှစ် ပြည့်ခဲ့လေပြီ။ ကျနော်တို့နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု၊ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် သမိုင်းတလျှောက်မှာ တိုင်းပြည်အတွက် မိမိအသက်ကို စတေး၍ ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင် အများအပြား ပေါ်ထွန်းခဲ့ဖူးလေသည်။ အထူးသဖြင့် ယခုလကဲ့သို့ ဇူလိုင်လသည် မိုးစက်များနှင့်အတူ သွေးစွန်းခဲ့ရသည့် သမိုင်းကို ၀မ်းနည်းစွာ ဦးညွှတ်ရမည့် အချိန်ကာလတခု ဖြစ်ခဲ့လေသည်။
၇ ဇူလိုင်၊ ၁၉ ဇူလိုင် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ ဇူလိုင်သမိုင်းသည် ကျောင်းသား အာဇာနည်၊ အမျိုးသားအာဇာနည်တို့ သွေးဖြင့်ရေးခဲ့သောလ၊
အဓိပတိလမ်းတွေ သွေးစွန်းခဲ့...။
တက္ကသိုလ်မြေ သွေးစွန်းခဲ့…။
ကျောင်းတံခါးတွေ သွေးစွန်းခဲ့…။
အတွင်းဝန်ရုံး သွေးစွန်းခဲ့…။
နိုင်ငံရေးအာဏာကို လက်နက်အားကိုး နည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းခဲ့သော လူတစု၏ ယုတ်မာရက်စက်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော်လည်း ထိုလက်နက်အားကိုးဖြင့် နိုင်ငံရေးအာဏာကို ရယူရန် ကြိုးစားခဲ့သည့် ဂဠုန်ဦးစော အပေါင်းအပါ တစုတို့ နိုင်ငံရေးအာဏာ မရခဲ့သည့်အပြင် ကြိုးစင်ပေါ်တက်၊ သမိုင်း၏ ဒဏ်ခတ်ခြင်းကိုပါ ခံခဲ့ရလေသည်။ အာဏာဟူသည် လက်နက်အားကိုးနည်းလမ်းဖြင့် မရနိုင်၊ ပြည်သူလူထု၏ ယုံကြည် ထောက်ခံမှု ရှိမှသာလျှင် ရရှိနိုင်ကြောင်း ၁၉ ဇူလိုင်က အာဏာရူးများကို သင်ခန်းစာပေးခဲ့လေသည်။
နိုင်ငံလွတ်လပ်ရေးအတွက် တိုင်းတပါး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးရရှိရန် ပေးဆပ်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်သည် အဘယ်နည်း? အာဇာနည်စိတ်ဓာတ် ဆိုသည်မှာ မိမိတိုင်းပြည် ဖွံ့ဖြိုးစေလိုသော ဆန္ဒ၊ ပြည်သူလူထုအား ကောင်စားစေလိုသော စိတ်ဓာတ်၊ မိမိ အကျိုးထက် နိုင်ငံအကျိုးကိုသာ ကြည့်တတ်သော နှလုံးသားကို ဆိုလိုရင်း ဖြစ်ပါသည်။ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ကျနော်တို့ ၀မ်းနည်းစွာ ဦးညွှတ် အလေးပြုရုံမျှနှင့် ဇူလိုင် ၀မ်းနည်းမှတ်တမ်းသည် မပြည့်စုံ။ ထိုသမိုင်းကို သွေးဖြင့်ရေးသားခဲ့သော ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ကျနော်တို့ မွေးမြူ၍ နိုင်ငံအရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည်တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ပြည်သူလူထု တရပ်လုံး မျက်ခြည်မပြတ် ပါဝင်ပတ်သက်ကြဖို့ လိုအပ်ပါလိမ့်မည်။ သမိုင်း စာမျက်နှာသစ်များကို ကျနော်တို့ ချွေးစက်များဖြင့် ဆက်လက်ရေးသားဖို့ လိုပါသည်၊ လျှောက်လှမ်းဖို့ လိုပါသည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ယခုကျရောက်သော ၆၈ နှစ်မြောက် အာဇာနည်နေ့မှစ၍ ခေါင်းဆောင်ကြီးများ၏ ဆန္ဒကို ဆက်လက် အကောင်အထည်ဖော်ကြပါစို့။ အာဇာနည်စိတ်ဓာတ် မွေးမြူကြပါစို့။
နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများတွင် ရဟန်းအာဇာနည်၊ ကျောင်းသားအာဇာနည်၊ လယ်သမားအာဇာနည်၊ အမျိုးသားအာဇာနည်ကြီးများ အများအပြား ပေါ်ထွန်းခဲ့လေရာ အာဇာနည်နေ့ဟု အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာ၍ တမျိုးသားလုံး ၀မ်းနည်းဖွယ်နေ့ တနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သော အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေး ဗိသုကာကြီး ဦးအောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်များကိုသာ ကျနော်တို့ရင်ထဲတွင် အမှတ်ရနေရုံနှင့် မလုံလောက်ဘဲ ထို အာဇာနည် ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွှတ်အနစ်နာခံရဲသည့် သတ္တိများကိုလည်း မွေးမြူရမည် ဖြစ်လေသည်။
ထို့ပြင်…
၁၉၂၉ စက်တင်ဘာလ ၂၉ ရက်နေ့တွင် နယ်ချဲ့ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်မှုဖြင့် ရန်ကုန် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပေါင်း ၁၆၆ ရက်တိုင် အစာငတ်ခံ တိုက်ပွဲဝင်ကာ ပျံလွန်တော်မူသွားခဲ့သော အာဇာနည် ဆရာတော် ဦးဝိစာရကဲ့သို့ ရဟန်းအာဇာနည်များ။
၁၉၃၁ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နယ်ချဲ့အစိုးရအား လက်နက်စွဲကိုင်၍ တော်လှန် တိုက်ပွဲဝင်ခဲ့ပြီး သာယာဝတီ အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက်ခံရသည့် ဂဠုန်ဆရာစံကဲ့သို့ လယ်သမား အာဇာနည်ကြီးများ။
၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် (ယခုဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ) အတွင်းဝန်ရုံးရှေ့ စပတ်လမ်းမ (ယခု ဗိုလ်အောင်ကျော်လမ်း) ထက်တွင် ကျောင်းသား ရာပေါင်းများစွာနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး နယ်ချဲ့လက်ပါးစေ မြင်းစီးပုလိပ်များ၏ တုတ်ချက်ဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျဆုံးသွားခဲ့သော ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် (နေမျိုးသီဟသူရ ဗိုလ်အောင်ကျော်) ကဲ့သို့ ကျောင်းသား အာဇာနည်များ။
၁၃၀၀ ပြည့် အရေးတော်ပုံ ကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုပမ်းခဲ့ကြပြီး အသက်ပေးလှူသွားခဲ့သော မန္တလေးအာဇာနည် ၁၇ ပါးကဲ့သို့ အာဇာနည်များ။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့၌ တော်လှန်ရေးကောင်စီ အစိုးရ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများအား ဗိုလ်နေ၀င်း အစိုးရ၏ ရက်စက်ရမ်းကားစွာ ပစ်သတ်မှုကြောင့် ကျောင်းသားရာချီ၍ တက္ကသိုလ် မြေပေါ်တွင် အသက်ပေးသွားခဲ့ရသည့် ကျောင်းသားအာဇာနည်များ။
၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှားမှုကို ခေါင်းဆောင်ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင်း အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းကို ခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကဲ့သို့ ကျောင်းသားအာဇာနည်များ။
၁၉၈၈ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွင် အသက်ပေးစွန့်လှူသွားသော အာဇာနည် ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ကျွန်ုပ်တို့ အမှတ်ရနေရမည် ဖြစ်ပေသည်။
လူ့သမိုင်းဟူသည် လက်နက်ဝါဒီ လူရမ်းကားများ၏ တရားမဲ့ရမ်းကားရာ နယ်မြေအရိုင်းဘုံ မဟုတ်ကြောင်းကို အာဇာနည်နေ့က အမှတ်ရနေစေပါလိမ့်မည်။ အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များနှင့် လယ်သမား အာဇာနည်ကြီး ဂဠုန်ဆရာစံ၊ ရေနံမြေသပိတ် ခေါင်းဆောင် အာဠာဝက သခင်ဖိုးလှကြီး စသော ခေါင်းဆောင်များ၏ ပုံရိပ်များသည် ငွေစက္ကူများပေါ်တွင် ဖျောက်ဖျက်ခံခဲ့ရသော်လည်း ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ကွယ်ပျောက်၍မသွားခဲ့၊ သမိုင်းစာမျက်နှာများထက်တွင် ဖျောက်ဖျက်၍မရခဲ့။ ရဲရင့်မြင့်မြတ်သူတို့၏ အတ္ထုပ္ပတ္တိသည် ဘယ်အချိန်ဖတ်ဖတ် ကျွန်ုပ်တို့၏ နှလုံးအိမ်ထဲတွင် မှိုမတက်ခဲ့ပေ...။
တခေတ်တခါက အစိုးရဌာန အဆောက်အဦး ရုံးခန်းများတွင် တခမ်းတနား ချိတ်ဆွဲထားသည့် အမျိုးသားခေါင်းဆောင်ကြီး၏ ဓာတ်ပုံများမှာ ဆယ်စုနှစ် နှစ်စုခန့် အများပြည်သူ၏ မြင်ကွင်းများမှ ပျောက်ကွယ်ခဲ့ရာမှ ယခု နိုင်ငံတော်သမ္မတ၏ ရုံးခန်းမှစ၍ အများပြည်သူ နေ့စဉ်အသုံးပြုရာ ဘတ်စ်ကားမကျန် နေရာအနှံ့ ပြန်လည် တွေ့မြင်လာရပြီ ဖြစ်လေသည်။ သမိုင်းဟူသည် ဘယ်သောအခါကမှ ပျောက်ကွယ်သွားရိုးထုံးစံ မရှိခဲ့ပေ။ သမိုင်းကို မှေးမှိန်အောင် ပြုလုပ်ခဲ့ကြကောင်း ပြုလုပ်ခဲ့ကြပါလိမ့်မည်။ သို့သော် အမှန်တရားကို ဖျောက်ဖျက်၍မရနိုင်၊ အာဇာနည်မျိုး သေရိုးမရှိခဲ့လေပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အာဇာနည် ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲသည့် စိတ်ဓာတ်ကို မွေးမြူ ကြပါစို့…။
သမိုင်းအဆက်ဆက် လွတ်လပ်ရေး၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်ပေး စွန့်လှူသွားသော အာဇာနည် ခေါင်းဆောင်များအား အလေးအမြတ်ပြုကြပါစို့။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁၉.၇.၂၀၁၅ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နေရာအနှံ့မှ ၀မ်းနည်း ဥသြသံများ၊ ကားဟွန်းသံများ ကြားရသည်နှင့် တပြိုင်နက် မိမိတို့ရောက်ရှိနေသည့် နေရာများတွင် ၀မ်းနည်းစွာ ရပ်တန့်လျက် ကျွန်ုပ်တို့ ခန္ဓာကိုယ်များဖြင့် ငြိမ်သက်စွာ အလေးပြုကြပါစို့၊ ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ဦးညွှတ်ကြပါစို့….။
စည်သူမောင်
ရန်ကုန်စီးပွားရေးတက္ကသိုလ်