မြန်မာနယ်စပ်အနီး မူးယစ်ကုန်သည်အဖွဲ့နှင့် ထိုင်းစစ်တပ်ပစ်ခတ်မှု ၇ ဦးသေဆုံး
DVB
·
July 3, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေးဝါး မှောင်ခို ကုန်သည်တွေနဲ့ ထိုင်းစစ်တပ်ကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ကုန်သည် ၇ ဦး သေဆုံးသွား တယ်လို့ ထိုင်း အမှတ် ၃၁ ရိန်းဂျား အထူးတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၃ ရက် မနက်က ချင်းရိုင်ခရိုင် မယ်ဖာ့လုန်မြို့နယ် မယ့်ဆလောင်း ကျေးရွာအုပ်စုထဲမှာ အမှတ် ၃၁ ထိုင်းရိန်းဂျားအထူးတပ်ဖွဲ့နဲ့ အမှတ် ၃၁၀၉ နယ်ခြားစောင့် တပ်ဖွဲ့တွေက မူးယစ်ကုန်သည်တွေလာမယ့် လမ်းကြောင်းကို သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဇူလိုင် ၃ ရက် မနက် ၅ နာရီအချိန် မှောင်ရိပ်ထဲ ကျောပိုးအိတ်ကိုယ်စီပါတဲ့ လူ ၁၅ ဦးလောက် တောင်ပေါ်လမ်းအတိုင်း လျှောက်လာတာတွေ့ရပြီး တားဆီးရာမှ တဘက်က သူတို့ကို သေနတ်နဲ့ အရင်ပစ်ခတ်တာကြောင့် ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ အမှတ် ၃၁ ရိန်းဂျားတပ်မှူး ဗိုလ်မှူး အတွန်လ်လွဲဖာ့က သတင်းထောက်တွေကို ပြောပါတယ်။
ပစ်ခတ်မှုအပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ သေဆုံးနေတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူ အလောင်း ၇ လောင်းနဲ့ ဘိန်းဖြူတွေပါတဲ့ အိတ် ၇ လုံး၊ အေကေ ၄၇ အမျိုးအစား သေနတ်တလက်နဲ့ ကျည်ဆန်တကတ်ကို သိမ်းဆည်းရရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးပမာဏ ဘယ်လောက်ရှိသလဲဆိုတာနဲ့ သေဆုံးသွားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူတွေဟာ ဘယ်နိုင်ငံသားတွေ ဆိုတာကိုတော့ မသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားရာ မယ်ဖလုန်မြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် တဘက်ကမ်းမှာ ရှိပါတယ်။
ထိုင်း အမှတ် ၃၁ ရိန်းဂျားတပ်မမှူးကတော့ အဲဒီမူးယစ်ဆေးဝါးတွေဟာ တဘက် အိမ်နီးချင်းနိုင်ငံက ၀င်ရောက်လာတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ရဲ့ ကာကွယ်ပေးမှုတွေ ရှိနေကြောင်း၊ ဒါပေမယ့် ဘယ်အဖွဲ့ကလဲ ဆိုတာကို ဆက်လက်စုံစမ်း ဖော်ထုတ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။